ဝန်ကြီးများရုံးတွင် ရှစ်လေးလုံးပြတိုက်ဖွင့်မည့်ကိစ္စကို သဘောတူညီမှု မရှိပါက ပြန်သုံးသပ်ရန် တိုက်တွန်း

By ကရိုင်နူးရာ
28 July 2019
ဝန်ကြီးများရုံးတွင် ရှစ်လေးလုံးပြတိုက်ဖွင့်မည့်ကိစ္စကို သဘောတူညီမှု မရှိပါက ပြန်သုံးသပ်ရန် တိုက်တွန်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် ။            ။ ရှစ်လေးလုံးပြတိုက်ကို ဝန်ကြီးများရုံးတွင် ဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်ပြီး အချင်းချင်းကြား သဘောတူညီမှု မရရှိပါက ပြန်လည်သုံးသပ်ရမည့်ကိစ္စဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားဟောင်း ဦးမြအေးက ပြောသည်။

“ ကျွန်တော်တို့အချင်းချင်းကြားမှာလည်း ဝန်ကြီးများရုံးမှာ ဖွင့်မယ်ဆိုတာကို သဘောမတူမှုတွေလည်း ရှိကြတယ်။ တစ်ဖက်က ပြတိုက်လုပ်ကိုင်နေရသူတွေကြတော့လည်း အကြပ်အတည်းအခြေအနေတွေနဲ့ ကြုံနေရတယ်။ ဒီပြတိုက်က ရှစ်လေးလုံး ငွေရတုအခမ်းအနား ပြီးကတည်းက ကြိုးစားလာခဲ့ကြတာ။ ရပ်တည်ရတာ လုံးဝမလွယ်ဘူးပေါ့။ အဓိကအားဖြင့် ဘတ်ဂျက်ပေါ့ဗျာ” ဟု ဦးမြအေးက ပြောသည်။

ထို့ကြောင့် ရှစ်လေးလုံးမှ တာဝန်ရှိသူများက အစိုးရဆီမှ နေရာရရေး ကြိုးပမ်းခဲ့သော်လည်း မရရှိသေးကြောင်း ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး( ယခင် အတွင်းဝန်ရုံး) တွင် ရှစ်လေးလုံးအထိမ်းအမှတ်ပြခန်း ဖွင့်လှစ်နိုင်ရေးအတွက် ရှစ်လေးလုံးပြတိုက် ဖြစ်မြောက်ရေး ကော်မတီမှ ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

“ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရဆီက နေရာရဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အခြေအနေ၊ အတိုင်းအတာတစ်ခုထိ မရခဲ့ဘူးပေါ့ဗျာ။ မရသေးဘူးပေါ့။ အဲဒါတွေ ဆောင်ရွက်နေတုန်း ပြတိုက်ကတော့ ပိတ်ထားလိုက်ရပြီ။ ဘာလို့လဲဆိုတော့ အခန်းငှားခ၊ ၈ သိန်း၊ ၁၀ သိန်း မတတ်နိုင်တော့ဘူး။ ဒါကို ရှင်သန်ဖို့ တာဝန်ယူဆောင်ရွက်နေကြတဲ့ လူတွေမှာလည်း တာဝန်အတော်ကြီးပါတယ်။ ဒါကိုလည်း နားလည်ပါတယ်။ သို့သော်လည်း ဝန်ကြီးများရုံးထဲမှာ သွားပြမယ် ဆိုတဲ့ကိစ္စကလည်း အချင်းချင်းကြားမှာ သဘောတူညီမှု မရဘူးဆိုရင် ဒါ ပြန်သုံးသပ်ရမဲ့ကိစ္စလို့ မြင်တယ်လေ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းသည် Anawmar Art Group Co., Ltd မှ တာဝန်ရှိသူများအား  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ပြီး ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) တွင် “၈၈၈၈” အထိမ်းအမှတ်ပြခန်း ဖွင့်လှစ်မည့် အစီအစဉ်များကို ကုမ္ပဏီဘက်မှ  ရှင်းလင်းတင်ပြခဲ့သည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီးများရုံး( ယခင် အတွင်းဝန်ရုံး)တွင် ရှစ်လေးလုံးအထိမ်းအမှတ်ပြတိုက် ဖွင့်မည့်အစီအစဉ်ကို လာမည့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင်  ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေပြီး အဆိုပါနေ့တွင် မဖွင့်နိုင်ပါက အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

 

လတ်တလော ညှိနှိုင်းချက်များအရ ပြတိုက်ဖွင့်ဖြစ်ပါက ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားနေ့မျိုးကို ပြည်သူများကို အခမဲ့ဝင်ခွင့်ပြုရန် သဘောတူထားသည်ဟု ပြတိုက်ဖြစ်မြောက်ရေးတာဝန်ရှိသူများက ပြောဆိုထားသည်။

 

လက်ရှိတွင် ဝန်ကြီးများရုံးနေရာကို Anawmar Art Group Co., Ltd မှ လုပ်ပိုင်ခွင့် ရရှိထားပြီး ပြင်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required