‘ရီးယဲလ်ဟာ လိဂ်ပြိုင်ပွဲပြန်စချိန်မှာ ကောင်းစွာ ယှဉ်ပြိုင်နိုင်မှာပါ။’ - ဇီဒန်း

‘ရီးယဲလ်ဟာ လိဂ်ပြိုင်ပွဲပြန်စချိန်မှာ ကောင်းစွာ ယှဉ်ပြိုင်နိုင်မှာပါ။’ - ဇီဒန်း
Photos: EPA

သောကြာနေ့က MetLife ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရီးယဲလ်မက်ဒရစ်တို့ဟာ လာလီဂါမြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို (၇-၃) ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့အပြီး ဇီဒန်းက အသင်းအနေနဲ့ လိဂ်ပြိုင်ပွဲပြန်စချိန်မှာတော့ ကောင်းစွာ ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

နယူးဂျာစီမှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ ICC Cup မှာ အက်သလက်တီကိုတို့က ပထမပိုင်းမှာ ဒီယေဂို ကော်စတာရဲ့ ဟက်ထရစ်ဂိုးနဲ့အတူ ရီးယဲလ်အသင်းကို (၅-၀) နဲ့ ဂိုးပြတ် အနိုင်ပိုင်းထားခဲ့ပါတယ်။ ကော်စတာဟာ ဒုတိယပိုင်းမှာ နောက်ထပ်တစ်ဂိုး သွင်းယူအပြီး ပွဲကစားချိန် (၆၅)မိနစ်မှာ မက်ဒရစ်နောက်ခံလူ ဒန်နီကာဗာဟယ်နဲ့အတူ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

ရီယဲလ်အသင်းဟာ ဒုတိယပိုင်းမှာတော့ နာချို၊ ဘန်ဇီးမာနဲ့ ဂျာဗီယာ ဟာနန်ဒက်တို့ရဲ့ သွင်းဂိုးတွေကြောင့် အနည်းငယ် အရှုံးရလဒ် သက်သာသွားခဲ့တယ်လို့ ဆိုရမှာပါ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဇီဒန်းက "ကျနော်တို့ ပွဲကို အရမ်းကို ဆိုးရွာစွာပဲ စတင်ခဲ့ပါတယ်။ ဒီလိုမျိုး အမြင့်ဆုံးအဆင့်နဲ့ ပြိုင်ဆိုင်ရတဲ့ ကစားပွဲမှာ ကျနော်တို့က ဆိုးဆိုးရွားရွားနဲ့ စတင်ခဲ့တယ်။ ကစားသမားတွေက ဒါကို ကောင်းစွာ သိထားမိပြီး သူတို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပါတယ်။ "

မက်ဒရစ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ လက်ရှိအထိ ပေါင်သန်း (၃၀၀)နီးပါး သုံးစွဲထားပြီး ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားတယ်ဆိုပေမယ့် ရာသီကြိုပွဲစဉ်တွေမှာ ရလဒ်တွေ မကောင်းခဲ့ဘူးလို့ ဆိုရမှာပါ။

"ကျနော်တို့ ဒီအရှုံးအပေါ်မှာ ရပ်နေဖို့ မလိုအပ်ပါဘူး။ ဒါဟာ ရာသီကြို ခြေစမ်းပွဲတစ်ပွဲပါပဲ။ သူတို့ဟာ အရာအားလုံး ပိုကောင်းခဲ့ပါတယ်။ ဒီပါပဲ။"

မက်ဒရစ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖွင့်မှာ ဘိုင်ယန်မြူးနစ်ကို (၃-၁)နဲ့ ရှုံးကာ အာဆင်နယ်ကို (၂-၂) သရေကျပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့ပေမယ့် မြို့ခံဘက်အသင်းကို (၇-၃) ဂိုးနဲ့ အရေးနိမ့်ခဲ့ပြန်ပါတယ်။

"ဒီနေ့အတွက် ကျနော်တို့ မပျော်ရွှင်နိုင်ပါဘူး။ ဒါပေမယ့် အသင်းဟာ လိဂ်ပြိုင်ပွဲစတင်ချိန်မှာ ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ဒါကို ကျနော် ယုံကြည်နေဆဲပါ။ 

"ဒီရလဒ်ဟာ ကျနော့်ကို စိတ်မပူစေပါဘူး။ ဒါပေမယ့် နာကျင်ပါတယ်။ ခင်ဗျာ အရှုံးပေးဖို့ ကစားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဒါကို နောက်ပြန်ကြည့်နေလို့ မရနိုင်ပါဘူး။ ဒါဟာ ဆိုးရွားတဲ့ ပွဲတစ်ပွဲဖြစ်ပြီး ကျနော်တို့ ဘာတွေမှားခဲ့သလဲဆိုတာ အာရုံစိုက်ဖို့ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ ကြိုးစားနိုင်ပြီး နောက်တခါထပ်မဖြစ်ဖို့ သေချာအောင် လုပ်ရုံပါပဲ။"လို့ သူက ပြောပါတယ်။

တခြားတဖက်မှာတော့ ဆီမြွန်နီက ဒီရလဒ်အတွက် ကျေနပ်အားရနေခဲ့ပါတယ်။

"ဒီနေ့ အသင်းဟာ ရီးယဲလ်မက်ဒရစ်-အက်သလက်တီဂိုပွဲအတွက် ပြင်ဆင်ခဲ့ပြီး အရာအားလုံးအတွက် ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။"လို့ သူက ပြောပါတယ်။

Ref; AFP, EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly