ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေးသည် ပညာရေးစနစ်ကို အခြေခံဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေးသည် ပညာရေးစနစ်ကို အခြေခံဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

ဇူလိုင် ၂၇ ရက် ။         ။ နိုင်ငံ့ဝန်ထမ်းများ အရည်အချင်းမြှင့်တင်ရေးအတွက် အခြေခံသည် ပညာရေးစနစ်ဖြစ်မှ ခေတ်နှင့်ညီသည့် အတွေးအခေါ် ကို ပြုစုပျိုးထောင်နိုင်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

ဇူလိုင် ၂၆ ရက်က ပြုလုပ်သော နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သုံးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဝန်ထမ်းတွေရဲ့အရည်အချင်းမြှင့်တင်ဖို့ဆိုတာ အခြေခံ ကတော့ အခြေခံပညာ ကျောင်းတွေ၊ တက္ကသိုလ် တွေမှာ သင်ခဲ့တဲ့ပညာဟာ အင်မတန်မှ အရေးကြီးပါတယ်။ အရင်တုံးက စနစ်ကိုဖြတ်ကျော်ခဲ့တဲ့ အကြီးပိုင်းက ဝန်ထမ်းတွေဆိုရင် ပြန်ပြီးတော့ သင်ယူဖို့မလွယ်တော့ပါဘူး။ လူငယ်ပိုင်းအတွက်တော့ အများကြီး ဖြည့်ဆည်းပေးနိုင်တဲ့အရည်အချင်းတွေပိုပြီး တတ်အောင်လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။

လူကြီးတွေအတွက်ကလည်း ပညာရေးစနစ်ကြောင့်၊ အရင်က သင်ပုံသင်နည်းကြောင့် ဖြစ်ခဲ့တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တာကတော့ အလေ့အကျင့်ပါ။ အတွေ့ အကြုံအလေ့အကျင့်ကရတဲ့ သင်ခန်းစာအနေနဲ့ ကျော်လွှားလို့ရပါတယ်။ အရင်တုံးက ဘယ်လိုပညာရေးစနစ်မျိုးနဲ့ပဲ ကြည့်ခဲ့ကြည့်ခဲ့၊ ကိုယ့်ရဲ့အတွေ့အကြုံ၊ သုံးသပ်မှုအရ ဒီဟာတွေကိုကျော်လွှားပြီးတော့ ခေတ်နဲ့ညီတဲ့အတွေးအခေါ်တွေကို ပြုစု ပျိုးထောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

ဝန်ထမ်းများကို ပညာရေးစနစ်က မွေးထုတ်လိုက်ခြင်း ဖြစ်ပြီး ဝန်ထမ်းများသည် နိုင်ငံကို ရောင်ပြန်ဟပ်ကြောင်း၊ ပြည့်ပြည့်ဝဝတာဝန်ထမ်းဆောင်ရန် အရေးကြီးဆုံးက လေ့ကျင့်မှုဖြစ်ကြောင်း၊ လေ့ကျင့်မှုသည် ပညာရေးကို အခြေခံကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသားရင်ကြားစေ့ရေးများအပြင် ဝန်ထမ်းများအနေဖြင့် နိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့်အခြေအနေမှာ ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သေးသည်။

“ကျွန်မတို့ ဝန်ထမ်းတွေရဲ့ အခြေအနေကို ပိုပြီးကောင်းအောင်လို့့ အများကြီးကြိုး စားပါတယ်။ ဝန်ထမ်းများကလည်း ကျွန်မတို့နိုင်ငံရဲ့အခြေအနေ ပိုပြီးတော့ ကောင်းအောင်ကြိုးစားကြပါ။ အပြန်အလှန် ကျွန်မတို့ ကြိုးစားမှသာ မြန်မြန် တိုးတက်နိုင်မယ်။ ဒီတိုးတက်မှုကြောင့်လည်း ကျွန်မတို့ အများကြီးကျေနပ်မှုရနိုင်ပါတယ်။ တချို့ကတော့ အင်မတန် ဖွံ့ဖြိုးတိုးတက်ချမ်းသာတဲ့နိုင်ငံတွေမှာ ဝန်ထမ်းလုပ်ရတာကို အားကျရင်လည်း အားကျပါလိမ့်မယ်။ သို့သော်လည်း တစ်ကယ်လုပ်ပေးနိုင်တာ ကျွန်မတို့နိုင်ငံလိုအခြေအနေမျိုးမှာ လုပ်ပေးနိုင်တာပါ။

နိုင်ငံတစ်နိုင်ငံရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့အခြေအနေဆိုတာဟာ မျိုးဆက်တိုင်း၊ မျိုးဆက်တိုင်းမှာရတဲ့အခွင့်အရေး မဟုတ်ပါဘူး။ ကျွန်မတို့ အခု မျိုးဆက်မှာ ကျွန်မတို့ခေတ်မှာသာ ဒီနိုင်ငံရဲ့ကံကြမ္မာကို ပြောင်းပေးနိုင်တဲ့ အခွင့်အရေးကိုရတာပါ။ အဲဒီအခွင့်အရေးကို ကောင်းကောင်းမွန်မွန် သုံးကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်အရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအကြောင်းကို ယင်းအခမ်းအနားတွင် ပြောကြားခဲ့သော်လည်း နိုင်ငံ့ဝန်ထမ်းများအရေး ပိုမိုထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် အာဏာရပါတီ NLD အစိုးရ အနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေရသည့်လုပ်များတွင် ခေါက်ရိုးကျိုးနေသည့်ဘောင် အတွင်းမှ ရုန်းမထွက်နိုင်သော အတွေးအခေါ်များရှိသည့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည်တို့ ကြားတွင်  လုပ်ကိုင်ဆောင်ရွက်နေရသည့်အတွက် အခက်အခဲရှိကြောင်း ပါတီ၏ ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင်း ကျင်းပပြုလုပ်သည့် NLD CEC အစည်းဝေးပြီးတွင် ပြောဆိုထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required