NLD အောင်နိုင်ရေး ဆိုက္ကားဖြင့် လှည့်လည်သူများ ခွင့်ပြုမိန့် မတင်ဆိုကာ တရားစွဲဆိုခံထားရ

NLD အောင်နိုင်ရေး ဆိုက္ကားဖြင့် လှည့်လည်သူများ ခွင့်ပြုမိန့် မတင်ဆိုကာ တရားစွဲဆိုခံထားရ
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမဲဆွယ်ရာတွင် ဆိုက်ကားအစီး ၂၀၀ က ပူးပေါင်းပါဝင်သည်ကို အောက်တိုဘာ ၁၁ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည) NLD အောင်နိုင်ရေး ပူးပေါင်း ပါဝင်ခဲ့ကြသည့် မုံရွာတွင်မူ တရားစွဲဆို ခံထားရသည်။

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းက ဆိုက္ကားများဖြင့် လှည့်လည် စည်းရုံးခဲ့သော ဦးဆောင်သူများအား တရားဝင် ခွင့်ပြုမိန့်မတင်ဟူသည့် စွပ်စွဲချက်ဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စီတန်းခွင့် ပုဒ်မ (၁၈)ဖြင့် တရားစွဲဆိုထားသည်ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး စိန်မင်းက အောက်တတိုဘာလ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပုဒ်မ (၁၈)ဖြင့် တရားစွဲဆိုခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် ၁/၂၀၁၄ ကို မလိုက်နာခြင်းကြောင့်ဟု ရဲမှူး စိန်မင်းကဆိုသည်။ “စီတန်း လှည့်လည်မယ်လို့ဆိုရင် ခွင့်ပြုချက် တောင်းရမယ်လေ။ သူတို့က ခွင့်ပြုချက် ကြိုတင် မတောင်းဘူးလေ။အဲလိုကြိုတင် မတောင်းတော့ ပုဒ်မ (၁၈)နဲ့ ငြိတယ်။ ဒါကြောင့်စွဲတာပါ။ ပါတီအဖွဲ့အစည်းကလည်း အကြောင်းမကြားသလို ရွေးကောက်ပွဲ ကော်မရှင်ကလည်း အကြောင်းမကြားခဲ့တော့ မလွဲမရှောင်သာလို့ လုပ်ရတာပါ” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးခဲ့သည့် ဦးဆောင်သူများ ဖြစ်သော စစ်ကိုင်းတိုင်း NLD ရွေးကောက်ပွဲနိုင်ရေး သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုနေသီဟ(ခ) ကိုမှတ်ကြီး၊ မုံရွာခရိုင် ဗ.က.သ ဥက္ကဋ္ဌ ကိုမျိးသီဟ၊ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုကွန်ကျော်နှင့် ဓာတ်ပုံ အလွှတ်သတင်းထောက် ကိုအောင်နေမျိုး တို့ကို မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်း က တရားလိုပြုလုပ်၍ (ပ)၅၁၈/၂၀၁၅ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈)ဖြင့် အမှုဖွင့်ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မုံရွာမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်စောက “ကျွန်တော်တို့ဆီကို တိုက်ရိုက် အကြောင်းမကြား ရပါဘူး။လုပ်မယ်ဆိုတာကို တိုင်းရွေးကောက်ပွဲ ကော်မရှင်ကို တင်ရတာပါ။တိုင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီကို အကြောင်း မကြားပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘာမှမသိပါဘူး” ဟု မဇ္ဈိမ ၏ မေးမြန်းမှုကို ပြန်ဖြေကြားသည်။

ပုဒ်မ (၁၈)ဖြင့် တရားစွဲဆိုခံထားရသူ ကိုအောင်နေမျိုးကမူ “ကျွန်တော်တို့ကို ဘာမှ အကြောင်းမကြား သေးဘူး။ပြီးတော့ ဒီပွဲက ကျွန်တော်တို့ ဦးဆောင်တာလည်း မဟုတ်ဘူး။ မုံရွာမြို့မှာရှိတဲ့ အနှေးယာဉ် လုပ်သားတွေက NLD ကို ထောက်ခံတဲ့ပွဲပါ။ ကျွန်တော်တို့က သူတို့မောလို့ ဝင်နင်းတာပဲရှိတယ်။ ပြည်သူက ထောက်ခံတာလေ။ ကြံ့ခိုင်ရေးက ဒီလိုလုပ်ရင် သူတို့ အရေးယူမှာလား။ အခုလို လုပ်တာကတော့ အာဏာပိုင်တွေ ဘက်လိုက်တာပဲ။ကျောင်းသားတွေကလည်း ကူတာပဲရှိတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုအောင်ရဲကျော် က “ကျွန်တော်တို့ မသိသေးဘူးဗျ။ မုံရွာမှာလုပ်တာက ပါတီအနေနဲ့ လုပ်တာလည်း မဟုတ်ဘူး။ ဒေခံတွေ မြို့ခံတွေက ထောက်ခံပြီး လုပ်ကြတာပါ။အဲလိုကြတော့ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း အကြောင်းကြား ထားတာ မရှိပါဘူး။ကျွန်တော်တို့ဆီကို တရားဝင် အကြောင်းကြားလာတာလည်း မရှိသေးပါဘူး” ဟု ပြောသည်။

စီတန်းလှည်လည်ရာတွင် ပါဝင်သည့် မုံရွာမြို့ ရုံးကြီး အနှေးယာဉ်ဂိတ်မှ အနှေးယာဉ် လုပ်သား ကိုဘကျော် ကလည်း “ကျွန်တော်တို့ လုပ်သားတွေ စိတ်တူကိုယ်တူ လုပ်တာပါ။NLDကို ထောက်ခံလို့ ကြိုက်လို့ လုပ်တယ်ဗျာ။တစ်နိုင်ငံလုံး လုပ်တယ်။ပြောင်းလဲဖို့ လုပ်တယ်။အခုလို လုပ်လို့စွဲချင်ရင် ကျွန်တော်တို့ကို စွဲဗျာ။ အခုဟာက မဆိုင်တဲ့သူတွေကို လုပ်တာကြတော့ ညစ်ပတ်ရာကျတယ်” ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required