လူအသေအပျောက်များသောပဋိပက္ခ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဘာပြောလဲ

လူအသေအပျောက်များသောပဋိပက္ခ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဘာပြောလဲ

ဖရဲကျွန်းကျေးရွာနဲ့ ကန်သာကျွန်းကျေးရွာတို့အကြား ရွာမြေ ပိုင်ဆိုင်မှု အငြင်းပွားရာကနေဖြစ်ပေါ်လာတဲ့ အခြေအနေတွေအတွက် မကွေးတိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၁)က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ကို မဇ္စျိမသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ရေနံချောင်းမြို့နယ်မှာ နယ်မြေအငြင်းပွားမှဳဖြစ်ပွားတယ်လို့ကြားသိရပါတယ်။

ဦးတင့်လွင် ။ ။ မန်မြေအုပ်စုနဲ့ ကျမ်းကိုင်ကျွန်း အုပ်စု နှစ်ခု ဖြစ်ကြတာပါ။

မေး။ ။အခုလိုအငြင်းပွာမှုတွေက ဘယ်အချိန်က စဖြစ်တာလဲ။

ဦးတင့်လွင် ။ ။ လက်တလောက မနှစ်က စတယ်။ သူတို့ရဲ့မပြေလည်မှုက ၂၀၀၃ တုန်းက ပြသနာ တစ်ခါ ဖြစ်တယ်။အဲဒီတုန်းက မြေကို တိုင်းတာကြတဲ့အခါမှာ ဒီဘက်က ကျမ်းကိုင်ကျွန်းက သူတို့ မြေပါသွားတယ်လို့ ထင်တယ်။ ဖရဲကျွန်းက မထင်ဘူးပေါ့၊ အဲမှာ ကျမ်းကိုင်ကျွန်း က ရွာ ကိုးရွာ ရှိတယ်။ တစ်ရွာက မနှစ်က ကမ်းပါးပြိုတယ်။ သူတို့နဲ့ ဆက်စပ်နေတဲ့ ကိုးရွာထဲက တစ်ရွာဖြစ်တဲ့ ဆားတစ်ပင် ဆိုတဲ့ ရွာ နဲ့ ဆက်စပ်ပြီး တော့ ရှိနေတဲ့နေရာမှာ အိမ်တွေရွှေ့ဆောက်ကြတယ်ပေါ့၊ရွှေ့ဆောက်တာက အဲနယ်ခြားနေရာလေး ဖြစ်နေ တယ်။ ကျမ်းကိုင်ကျွန်းနဲ့ ဖရဲကျွန်းနဲ့ နယ်စပ် ဖြစ်နေတယ်။ ကျမ်းကိုင်ကျွန်းက သူတို့ နယ်ဆိုပြီး ဆောက်တယ်။ ဖရဲကျွန်းက သူတို့ နယ်ထဲကိုရောက်တယ် လို့အငြင်းပွားကြတယ်။အဲဒီပြသနာပါ။

မေး။ ။ နယ်မြေအငြင်းပွားမှုတွေ ဖြစ်ပေါ် ပြီးအသက်သေဆုံးမှုတွေ ရှိတယ်လို့ကြားသိရပါတယ် ။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပါဦး။

ဦးတင့်လွင် ။ ။ဖြစ်ပွားပြီးတဲ့နောက် မှာ ၂၅ ဦး သေပါတယ်။ တစ်ယောက်က ကျမ်းကိုင်ကျွန်းဘက်က ကံသာရွာ ကပေါ့။ သူ ဆုံးတယ်။ ဖရဲကျွန်း ဘက်က ၂၄ လောင်း ကိုဆယ်ယူရရှိတယ်။

မေး ။ ။ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပါတယ်လို့ကြားသိရတယ်ဗျာ။ဟုတ်ပါသလား။

ဦးတင့်လွင်။ ။အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဆိုတာက ကျမ်းကိုင်ကျွန်း က အုပ်ချုပ်ရေးမှူးဟောင်း မောင်ဝင်း ပါ။ဦးမောင်ဝင်းပေါ့။ သူ့အိမ်ကို ဖရဲကျွန်း က တက်ဖျက်တယ်ပေါ့။ ဖရဲကျွန်းက ကျမ်းကိုင်ကျွန်း ဘက်က အုပ်ချုပ်ရေးမှူး အိမ်ကို တက်ဖျက်တယ်။အဲဒါက ၂၃ ရက်နေ့ကပါ။ ၂၃ ရက်နေ့က တက်ဖျက်တာပါ။

မေး။ ။အခုလက်ရှိအခြေအနေကို ဘယ်လိုမျိုးစီမံ ဆောင်ရွက်နေပါသလဲ။

ဦးတင့်လွင် ။ ။နှစ်ဖက်ကို အငြင်းပွားမှုမဖြစ်အောင် ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဆင်းလာပါတယ်။ဟိုဘက်ဒီဘက် လုံခြုံရေးတွေ ချပေးထားပါတယ်။ တပ်စိတ်တွေချပေးထားပါတယ်။စုစုပေါင်း ၂၀ ကျော်လောက် ချထား ပေးတယ်။ မနေ့ က စစ်တပ် ကလည်းလာပြီးတော့ ဆယ်ယောက်ကျော်လောက် ချထားပေးတယ်။ မီးသတ် တပ်ဖွဲ့ဝင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် တို့က ဒီပျောက်ဆုံးတဲ့ သူတွေကို လိုက်ရှာနေပါတယ်။ သေဆုံးသူ ၂၄ ဦးကိုတွေ့ထားပါတယ်။ တစ်ယောက်က နေပြည်တော်ကို ဆေးရုံ ပို့ရင်းနဲ့ ပြန်သယ်လာရတာပါ။ ရေထဲက မဟုတ်ပါဘူး။ အဲတော့ ၂၅ ဦးဖြစ်သွားတာပေါ့။ သယ်လာရတာက ကျမ်းကိုင်ကျွန်းဘက်က ပါ။ အားလုံးပျောက်တာ ၃၈ ဦးပျောက်တာပါ။ နှစ်ဦးက အသက်ရှင်ပါတယ်။ ၃၇ ဦး ကိုပျောက်ဆုံးလို့ ဆက်ရှာ နေပါတယ်။ ပါတဲ့အထဲမှာ ၂၄ လောင်းတွေ့ပါတယ်။ ၁၃ ဦးက ပျောက်နေတဲ့အထဲမှာ ပါပါတယ်။ အဲဒါကို မီးသတ် နဲ့ ကျွန်တော်တို့ ရေနံချောင်းမြို့က ရုပ်ရှင်မင်းသား နေထူးနိုင်က ကိုဝေဠုကျော် ကို အကူညီတောင်း တာ ကြောင့် ကိုဝေဠုကျော် တို့ကအခု ဆက်ရှာနေပါတယ်။

မေး။ ။ ဒီအငြင်းပွားမှုနဲ့ပတ်သက်ပြီး မြေစာရင်းဌာန ၊ အုပ်ချုပ်ရေးပိုင်း တို့က ပါဝင်ပတ်သတ်တယ်လို့ ထင်မြင်ယူဆမိပါသလား။

ဦးတင့်လွင် ။ ။အမှန်တော့ အုပ်ချုပ်ရေးမှူးက အသစ်ပါပဲ။ရောက်လာတာ တစ် နှစ်ကျော်လောက်ပဲ ရှိသေးလို့ ထင်တယ်။ မြေစာရင်းကလည်း တစ်နှစ်ကျော်လောက်ပဲ ရှိတယ်လို့ထင်တယ်။ပါဝင်ပတ်သက်မှု က မရှိ နိုင်ဘူးပေါ့ ။ ဘက်လိုက်မှုပေါ့ သီးသန့်ရှိမယ်လို့မထင်ဘူး။ အမှန်တိုင်းပြောတာပါ။ မြေစာရင်းမှာက ကျမ်းကိုင်ကျွန်းသား တစ်ယောက်လည်းရှိတယ်။ မန်မြေအုပ်စုက ကျမ်းကိုင်ကျွန်း သား တစ်ယောက်လည်း ရှိတယ်။ ဒီမြေစာရင်းမှူးက ဘက်လိုက်မယ်ဆိုရင် ဒီ ဒေသခံ ကျော်ပြီးမှာ ဘက်လိုက်ရမှာဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုလည်း ဒေသခံ နှစ်ဦးထက်ပိုပြီးမသိနိုင်ပါဘူး။မြေစာရင်းမှူး ကိုယ်တိုင်က ဘက်လိုက်မှု မရှိနိုင်ဘူးလို့ ကျွန်တော် ယူဆပါတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း မရှိနိုင်ဘူးပေါ့။ ဝန်ထမ်းရဲ့သဘောက ကြီးတဲ့အမှုကို သေးသွားစေချင်တဲ့သဘောတော့ရှိပါတယ်။ ဒီအပိုင်းမှာ အားသာချက်၊ အားနည်းချက်လည်း မသိနိုင်ဘူး။

မေး။ ။ မကွေးတိုင်းဒေသကြီးအစိုးရ က သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီး သတင်းထုတ်ပြန်ထားတဲ့ထဲမှာ စက်လှေတိမ်းမှောက်တယ်လို့ရေးထားတယ် ။ သတင်းတွေထဲမှာက ဖရဲကျွန်းစက်လှေ ကို တိုက်ခိုက်ခံရတယ်လို့ ပါတယ်။ အဲဒီ ကွာခြားချက်က ဘယ်လိုမျိုး ဖြစ်သွားတာလဲ။

ဦးတင့်လွင်။ ။ နှစ်ခုလုံး မှန်နိုင်တယ်လို့ပြောရမှာပေါ့။ ကျွန်တော်တို့က ဖြစ်ပြီး နာရီဝက်လောက် အကြာမှာ ရောက်သွားကြတာပါ။စက်လှေက မှောက်နေပါပြီ။ မှောက်ခုံကြီးဖြစ်နေပါတယ်။ ဝမ်းကလဲ အပေါ်ကိုရောက်နေ ပါတယ်။ အမိုးကလည်း အောက်ရောက်နေတယ်။ တိုက်ခိုက်တယ်ဆိုတော့ တစ်ဖက်နဲ့တစ်ဖက် လူသေ အောင်ထိ ခုတ်ကြ ထစ်ကြတယ်ဆိုတော့ ဖရဲကျွန်းဘက်က သွားတာ နှစ်ရာတော့ ပြောတယ်။ ဟိုဘက်က လူတွေထွက်လာတဲ့အခါကြတော့ လူ ခုနှစ်ရာလောက် ရှိတယ်လို့ပြောတယ်။ အဲဒါက ဖရဲကျွန်းဘက်က ပြောတာ။ လူချင်းက အင်အားချင်းမယှဉ်နိုင်တော့ ပြန်ဆုတ်တာပေါ့။ မော်တော်က လူ ငါးဆယ် တောင်မနိုင်တဲ့ မော်တော်ပါ။ သူတို့အပိုင်မဟုတ်ပါဘူး။ ထင်းလာချတဲ့ မော်တော်ကို ချော်ဆွဲ ပြီးတော့ ခေါ်လာတာပါ။ ဖရဲကျွန်းက ခေါ်လာတာ သူတို့ အပိုင်မဟုတ်ဘူး။ ဒီမော်တော်ကလည်း ငယ်တယ်။ လူက ၂၀၀ လောက်လဲ ရှိတယ်။ ၅၀ တောင်မဆန့်တဲ့ မော်တော် ကို ကျွန်တော်စဉ်းစားကြည့်တာပေါ့ ပြိုပြီးတော့ ဆင်းတဲ့အခြေအနေမှာ ဒီအပေါ်ကို ဝိုင်းပြီးတော့ တက်ကြတယ်။ တစ်ဖက်ကလည်း တိုက်ကြခိုက်ကြ ဆိုတော့ တိုက်ခိုက်ခံရတယ် ဆိုတာ ဖရဲကျွန်းက ပြောတာလည်း မှန်နိုင်တယ်။ ဒါလည်းဖြစ်နိုင်တယ်။ လူ ၂၀၀ လောက်ဆိုတော့ တိုင်းအစိုးရ ပြောသလိုလည်း မှောက်တာ ဖြစ်နိုင်တယ်။မြှုပ်နိုင်တယ်။ နှစ်ခုလုံးမှန်နိုင်ပါတယ်။

မေး။ ။အခုလို အငြင်းပွားဖယ် အဓိကရုဏ်း ဖြစ်ပွားတာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ အနေနဲ့ ဘယ်လိုအရေးယူ ဆောင်ရွက်ထားတာရှိလဲ။

ဦးတင့်လွင် ။ ။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရေး နဲ့ ထိန်းညှိရေး ကိုယ်စားပြုရေးပါပဲ။ အရေးယူဆိုရင်တော့ သက်ဆိုင်ရာ အကြီးအကဲများက လုပ်ဆောင်နိုင်ပါတယ်။

မေး။ ။ အဆိုပါ ကျွန်း နဲ့ပတ်သက်ပြီး ရှေ့ဆက်ပြီးဘယ်လိုလုပ်ဆောင်သွားမှာလဲ။

ဦးတင့်လွင်။ ။ ပထမ အချက်က ရွာနှစ်ရွာ အဓိကရုဏ်း ထပ်မံမဖြစ်ပွားရေး ကိုကျွန်တော်တို့ ကြိုးစားရပါမယ်။ ဖရဲကျွန်းကိုလည်း ဒီသေဆုံးမှုအတွက် တိုင်းအစိုးရက ဘယ်လိုတွေများ ကူညီထောက်ပံ့နိုင်မလဲ ။ လူကယ်ပြန် အနေနဲ့ကြတော့ ရန်ဖြစ်ပြီးဖြစ်တဲ့ကိစ္စကြတော့ ကူညီထောက်ပံ့လိုမရဘူးပေါ့။ ရေနစ်သွားတဲ့ သူ ကြတော့ လူကယ်ပြန်က ထောက်ပံ့ကြေးရှိပါတယ်။ ဒီနှစ်ရွာက ကျွန်တော်တို့ ရွာတွေပါပဲ။ နဂိုထဲက ဖွံ့ဖြိုးအောင် လုပ်နေတာပါ။ ဘယ်လိုနည်းနဲ့ ဖွံ့ဖြိုးအောင်လုပ်ရမယ်ဆိုတာ လုပ်ဆောင်နေတဲ့ ရွာတွေပါ ။

မေး။ ။ဖြည့်စွက်ပြောပြချင်တာ ဘာများရှိပါဦးမလဲ။
ဦးတင့်လွင်။ ။ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေဆိုတော့ လွှတ်တော်ကိုယ်စားလှယ် အခန်း ကဏ္ဍ က ဒါတွေကို ဘယ်လိုဖြေလျော့နိုင်မလဲ ကျွန်တော်တို့ ကြိုးစားပါမယ်။ ဘယ်လိုထိန်းကျောင်းနိုင်မလဲ။ဒါကိုစွမ်းအားရှိသလောက် ကြိုးစားပါမယ်။

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဖရဲကျွန်းကျေးရွာ နဲ့ကန်သာကျွန်း ကျေးရွာတို့အကြား ရွာမြေ ပိုင်ဆိုင်မှု အငြင်းပွားရာကနေ ခိုက်ရန်ဖြစ်ပွားပြီး လူသေဆုံးမှုတွေရှိလာခဲ့ပါတယ်။

အငြင်းပွားဖွယ်ဖြစ်ပွားခဲ့သည့် နေရာဟာ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အတွင်းက ရွာပေါင်း ကိုးရွာနဲ့ ဖွဲ့စည်းထားတဲ့ ကျမ်းကိုင်ကျွန်း အုပ်စုမှာ ပါဝင်နေပြီး အဲဒီကျေးရွာကိုးရွာထဲမှာ ကန်သာကျွန်းကျေးရွာ ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ကျမ်းကိုင်ကျွန်းကျေးရွာနဲ့ နယ်မြေခြင်းထိစပ်နေတဲ့ ဖရဲကျွန်းကျေးရွာ ဆိုတာကတော့ မန်မြေကျွန်းအုပ်စုမှာ ပါဝင်ပြီး မန်မြေကျွန်းအုပ်စုဟာ ကျေးရွာလေးရွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required