လေပေါ်ပျံ စကိတ်ဘုတ်ပြားစီးပြီး ရေလက်ကြားကို ဖြတ်ပျံသန်းခဲ့သည့် ပြင်သစ်နိုင်ငံသား ရေထဲ ပြုတ်ကျ၊ ထပ်ကြိုးစားမည်ဟု ဆို

လေပေါ်ပျံ စကိတ်ဘုတ်ပြားစီးပြီး ရေလက်ကြားကို ဖြတ်ပျံသန်းခဲ့သည့် ပြင်သစ်နိုင်ငံသား ရေထဲ ပြုတ်ကျ၊ ထပ်ကြိုးစားမည်ဟု ဆို

ဇူလိုင် ၂၆ ။             ။ ကိုယ်တိုင်တီထွင်ထားတဲ့ ဂျက်အင်ဂျင်သုံး လေပေါ်ပျံစကိတ်ဘုတ်ပြားစက်ကို စီးပြီး ဇူလိုင် ၂၅ ရက်မှာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကာ ပျံသန်းပြရန် ကြိုးပမ်းခဲ့သည့် ပြင်သစ်နိုင်ငံသား တီထွင်သူတစ်ဦး မအောင်မြင်ဘဲ ပင်လယ်ထဲ ပြုတ်ကျခဲ့ပါတယ်။

အသက် ၄၀ အရွယ် ပြင်သစ်တီထွင်သူ ဖရန်ကီ ဇာပါတာ ဟာ  ယင်းနေ့က ပြင်သစ်နဲ့ ဗြိတိန်အကြားက သင်္ဘောအသွားအလာများတဲ့ ရေလမ်းကြောင်းပေါ် ဖြတ်ကာ ပျံသန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ဘဲ ရေထဲ ကျခဲ့ပါတယ်။

ခုတစ်ကြိမ် ကြိုးပမ်းမှု မအောင်မြင်လို့ စိတ်ပျက်ရပေမယ့် နောက်ထပ် ထပ်ကြိုးစားဦးမှာဖြစ်တယ်လို့ ဇာပါတာက ပြောပါတယ်။

ဇာပါတာကတော့ ပြင်သစ်မြောက်ပိုင်း ဆန်ဂါတီမြို့ကနေ အောင်မြင်စွာ ပျံတက်ပြီးနောက် ရေလက်ကြားကို ဖြတ်ကာ ဗြိတိန်ဘက်ခြမ်းက ဒိုဗာမြို့အနီးမှာ ဆင်းသက်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် ၎င်းရဲ့ လေပေါ်ပျံစက်ကို ဆီဖြည့်ဖို့အပိုင်းမှာ အခက်တွေ့ခဲ့ပြီး လမ်းခုလတ် ဆီဖြည့်ရမယ့့် ပလက်ဖောင်းဆီ မဆက်သွယ်နိုင်ခဲ့တဲ့အတွက် ရေထဲ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ယင်းနောက် ၎င်းကို ၎င်းရဲ့ အဖွဲ့သားတွေ လာရောက်ကယ်ဆယ်သွားခဲ့ပါတယ်။

ဇာပါတာကတော့ ယင်း လေပေါ်ပျံဘုတ်ပြားကို စီးပြီး မိနစ် ၂၀ အတွင်း ၃၅  ကီလိုမီတာ (၂၂မိုင်) အကွာအဝေးကို ပျံသန်းပြနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ ယာဉ်နဲ့အတူ တစ်နာရီ ပျမ်းမျှမြန်နှုန်း ၁၄၀ ကီလိုမီတာနဲ့  ရေပေါ်မှာ အမြင့် ( ပေ ၅၀ နဲ့ ၆၅ ပေ အကြား) ပျံသန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လမ်းတစ်ဝက် ဆီဖြည့်မှုအပိုင်း လွဲချော်မှုနဲ့အတူ အောင်မြင်မှု မရဘဲဖြစ်ခဲ့ရပါတယ်။

ဇာပါတာကတော့ ၎င်းရဲ့ အဆိုပါ လေပေါ်ပျံဘုတ်ပြားကို ပြီးခဲ့တဲ့ ပြင်သစ်အမျိုးသားနေ့တုန်းက စီးပြီး ပျံသန်းပြခဲ့ရာမှာ လူအများ အထူးစိတ်ဝင်စားခဲ့ကြပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required