ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခြင်းက တောင်ကိုရီးယားကို တိုက်ရိုက်သတိပေးလိုက်ခြင်းဟု မြောက်ကိုရီးယား ပြော

ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခြင်းက တောင်ကိုရီးယားကို တိုက်ရိုက်သတိပေးလိုက်ခြင်းဟု မြောက်ကိုရီးယား ပြော

ဇူလိုင် ၂၆ ။        ။ ဇူလိုင် ၂၅ ရက်က ဒုံးကျည်သစ်နှစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းကတော့ တောင်ကိုရီးယားကို တိုက်ရိုက် သတိပေးလိုက်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောဆိုလိုက်ပါတယ်။

ဒါဟာ အမေရိကန်နဲ့အကြား စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ တောင်ကိုရီးယားတို့ စီစဉ်နေမှုအပေါ် ခုလို ဒုံးကျည်ပစ်လွှတ်ပြီး သတိပေးခြင်းဖြစ်ဟု ၎င်းက ပြောပါတယ်။

ယင်းအတွက်ကြောင့် ယမန်နေ့က ၎င်းရဲ့ ကြီးကြပ်မှုနဲ့အတူ ဒီဇိုင်းအသစ်ထုတ်ထားတဲ့ လက်နက်တွေကို ပစ်လွှတ်ခြင်းဖြစ်ကြောင်း ကင်မ်က ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လတုန်းက တောင်နဲ့ မြောက် ကိုရီးယားစစ်မဲ့ဇုန်မှာ ကင်မ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဆိုင်းမဆင့် ဗုံမဆင့် တွေ့ဆုံခဲ့စဉ် နျူကလီးယား ဆွေးနွေးပွဲတွေ ပြန်ဖို့ဖို့ နှစ်ဘက်သဘောတူခဲ့ပြီးနောက်ပိုင်း ပြုံယမ်းဘက်က ခုလို ဒုံးကျည်စမ်းသပ်မှုတွေကို ပထမဆုံး လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။

လာမယ့် လမှာ လုပ်ဆောင်ဖို့ စီစဉ်ထားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ရှေ့တိုးလုပ်ဖို့ ပြင်ဆင်နေတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြောင့် နျူကလီးယား ဆွေးနွေးပွဲတွေကိုတော့ သွေးဖီသွားနိုင်ကြောင်းလည်း ပြုံယမ်းဘက်က သတိပေးခဲ့ပါတယ်။

ယမန်နေ့က မြောက်ကိုရီးယားတို့ စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ တာတို ဒုံးကျည်နှစ်စင်းကတော့ ကီလိုမီတာ ၄၅၀ နဲ့ ၇၀၀ အသီးသီး ပျံသန်းခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်အကြား ပင်လယ်ပြင်ထဲ ကျသွားခဲ့တယ်လို့ တောင်ကိုရီးယားတို့က ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly