ယူနိုက်တက်ပရိသတ်ရဲ့ ‘အနည်းစု’ကသာ ပေါ့ဂ်ဘာကို ထွက်သွားစေချင်တာပါ - ဆိုးလ်ရှား

ယူနိုက်တက်ပရိသတ်ရဲ့ ‘အနည်းစု’ကသာ ပေါ့ဂ်ဘာကို ထွက်သွားစေချင်တာပါ - ဆိုးလ်ရှား
Photos: AFP & EPA

ပေါလ်ပေါ့ဂ်ဘာကို ဆန့်ကျင်ပြီး အလိုမရှိတဲ့ သူတွေဟာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေထဲက “အသံကျယ် လူနည်းစုတစ်စု”သာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က နည်းပြ အိုလီဂန်းနား ဆိုးလ်ရှားက ပြောပါတယ်။

ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံရတဲ့ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်မှ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချထားသူလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားက အိုးထရက်ဖို့ဒ်ကလပ်ကို ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိအောင် ကြိုးစားလိုတာကြောင့် ပေါ့ဂ်ဘာကို ထိန်းသိမ်းဖို့ ဆန္ဒရှိတယ်လို့ ရှင်းလင်းထားပါတယ်။

အသက် (၂၆)နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ အသင်းမှ ထွက်ခွာလိုတဲ့ ဆန္ဒကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကုန်ပိုင်းက သူ့ရဲ့ စိတ်အားထက်သန်မှု နည်းပါးခြင်းက ယူနိုက်တက်ပရိသတ် အများအပြားကို ဒေါသထွက်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် တန်းဆင်းသွားပြီးဖြစ်တဲ့ ကာဒစ်ဖ်စီးတီးကို (၂-၀)ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရာမှာတော့ ပရိသတ်အချို့က ပေါ့ဂ်ဘာကို ကျယ်လောင်စွာ အောင်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

ဆိုးလ်ရှားက "ပေါလ်ဟာ ကလပ်အသင်းအတွက် ဘာတွေပေးခဲ့ပြီး ကျနော်တို့အတွက် ဘာတွေလုပ်ဆောင်ပေးနိုင်သလဲဆိုတာတွေကို ပရိသတ်တွေ သိရှိကြမယ်လို့ ကျနော်ထင်ပါတယ်။ အမှန်ပါပဲ။ သူနဲ့ပတ်သက်လို့ သတင်းတွေ ထွက်နေတာရှိပြီး သူ့ကို (ပေါလ်) ဆန့်ကျင့်တဲ့ ပရိသတ်အနည်းစုရှိပါတယ်။"

"ဒါပေမယ့် ပေါလ်ဟာ လက်ရှိအစုအဖွဲ့ထဲမှာ လုံးဝပဲ ထိပ်တန်းခြေစွမ်းရှိတဲ့ ကစားသမားတစ်ဦးပါပဲ။ ဒါကို ကျနော်နဲ့ ကျနော့်ရဲ့ ကစားသမားတွေက သိရှိထားကြပါတယ်။ 

"သူဟာ ဘယ်တုန်းကမှ အစဉ်အဆက်ဆိုသလို ကျနော်တို့အတွက် ပြဿနာတစ်ရပ် မဖြစ်ခဲ့ရပါဘူး။ သူအသင်းအတွက် စွမ်းဆောင်ပြခဲ့သလို လုပ်ဆောင်တိုင်းလည်း ကျနော်တို့က ကျေးဇူးတင်ရှိပါတယ်။"လို့ နည်းပြက ရှန်ဟိုင်းမှာ စပါးအသင်းနဲ့ ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်း ပွဲမှာ ပြောသွားတာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required