ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ချိန်သားကိုက်လုပ်ဆောင်ရန် ဦးမင်းကိုနိုင် တိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ချိန်သားကိုက်လုပ်ဆောင်ရန် ဦးမင်းကိုနိုင် တိုက်တွန်း

ပုသိမ်၊ ဇူလိုင် ၂၅  ။            ။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်းနှင့်လွှတ်တော်အပြင် ချိန်းသားကိုက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကပြောသည်။

"လွှတ်တော်အတွင်းနဲ့လွှတ်တော်အပြင်နဲ့ ဘယ်လောက်အချိတ်အဆက်ကောင်းလဲ ဟန်ချက်ညီလဲ လူတွေက ကျွန်တော်တို့က ထွက်ပြတိုင်းလဲ ပြီးတဲ့ကိစ္စမဟုတ်ဘူး။ လူတွေအကုန်လမ်းပေါ်ထွက်ဆိုတာနဲ့လည်း မလုံလောက်ဖူး။ လိုအပ်ရင်ဒါတွေက နည်းလမ်းတစ်ခုတော့မှန်တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ တိုင်ပင်ကိုက် ချိန်ကိုက်လုပ်ရတဲ့ကိစ္စတွေရှိတယ်ဗျာ။ ဇာတ်တစ်ခုကအနိမ့်အမြင့်တွေရှိတယ်။ အဲဒါတွေ ချိန်ဆပြီးလုပ်သင့်တယ်။ အဲဒီလိုမျိုးမဟုတ်ဘဲ ကျွန်တော်တို့က ဟိုမြို့ထက်ဦးအောင်တို့ ဒိမြို့ထက် စောအောင်လုပ်ရမယ်ဆိုရင် ဒါမျိုးဆို ချိန်းသားမကိုက်ဖူးလို့ အောက်မေ့တယ် ”ဟု ဦးမင်းကိုနိုင်က ပြောသည်။
ဇူလိုင်လ၂၄ရက်နေ့က ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ၃နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်စဉ် ဦးမင်းကိုနိုင်က ပြောခဲ့ခြင်း ဖြစ်သည်။

"ပြင်ရမှာတော်တော်ကြာနေပါပြီ။ နောက်တောင်ကျနေပါပြီ။ ဘာကြောင့်ပြင်ရမယ်ဆိုတာလည်း အကုန်လုံး သိတယ်။ ဒီနိုင်ငံထဲမှာ ဘယ်သူကမှ အခွင့်ထူးမခံသင့်ဘူး။ ဘာကြောင့်လဲဆို အခွင့်ထူး ခံမှုတွေကြောင့် မညီမျှမှုတွေဖြစ်တယ်။ မညီမျှမှုတွေဖြစ်တော့ အဲဒီနိုင်ငံ စိတ်ဝမ်းကွဲကြမယ်။ အဲဒီနိုင်ငံတစ်ခုက ဘယ်လိုမှ တည်ဆောက်လို့မရဘူး။ မြန်မြန်ပြင်နိုင်မှ တန်ကာကျလိမ့်မယ်”ဟု ဦးမင်းကိုနိုင်ကဆက်ပြောသည်။
အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆောင်ရွက်ရာတွင် နိုင်ငံရေးအရ အဆင့်အတန်းရှိရှိ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အဝကမ်းမဖက်သော နည်းလမ်းမျိုးဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း သူက ဆက်လက်ပြောဆိုခဲ့သည်။

ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ၃နှစ်ပြည့်အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေး၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊၈၈မျိုးဆက်မှ ဦးမင်းကိုနိုင်နှင့် နည်းပညာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး၊ဆရာဆရာများ၊ ကျောင်းသားများတက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required