နိုင်ငံရေး ဘေးအန္တရာယ်များကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးနှုန်းကို IMF လျှော့ချခန့်မှန်း

နိုင်ငံရေး ဘေးအန္တရာယ်များကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးနှုန်းကို IMF လျှော့ချခန့်မှန်း

ဆန်တီယာဂို၊ ဇူလိုင် ၂၄ ။         ။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပွဲ၊ ဥရောပမှ ဗြိတိန် နုတ်ထွက်တဲ့ ဘရစ်ဇစ်အရေးနဲ့ နိုင်ငံရေးတင်းမာမှုတွေကြောင့် ရေနံစျေး မြင့်မားခြင်းတွေကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးနှုန်းကို လျှော့ချပြီး ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

IMF ထုတ်ပြန်တဲ့ ကမ္ဘာ့သုံးသပ်ချက် အစီရင်ခံစာမှာ ကမ္ဘာ့စီးပွားရေး အလားအလာကို ၂၀၁၉  ခုနှစ်အတွက် ဧပြီလအတွင်းက ခန့်မှန်းထားချက်ကနေ ၀ ဒသမ ၁ ရာခိုင်နှုန်း လျှော့ချခန့်မှန်းထားတာ ဖြစ်ပါတယ်။

ဒါအပြင် လာမယ့် ၂၀၂၀ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးနှုန်းကိုလည်း အရင်ခန့်မှန်းချက်ထက် ၀ ဒသမ ၁ ရာခိုင်နှုန်း လျှော့ချပြီး ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။

ခုလို ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ကြီးဖြစ်တဲ့ IMF ကနေ စီးပွားရေးဖွံ့ဖြိုးနှုန်းကို လျှော့ချခန့်မှန်းလာတာဟာ ကမ္ဘာ့ကုန်သွယ်ရေးစက်ဝန်းအပေါ် ဖိစီးမှု ရှိနေတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခြိမ်းခြောက်ချက်တွေနဲ့ ဆက်နွယ်လျက် ရှိနေပါတယ်။

ဒါပေမယ့် အပြုသဘော တိုးတက်မှုတွေကြောင့် အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ဗြိတိန်နဲ့ ကနေဒါတို့လို ဖွံ့ဖြိုးပြီး စီးပွားရေးအတွက် IMF ဟာ ၂၀၁၉ ခုနှစ်အတွက် ၁ ဒသမ ၉ ရာခိုင်နှုန်း ဖွံ့ဖြိုးမှု တိုးတက်မယ် ခန့်မှန်းသလို ၂၀၂၀ အတွက် ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိလိမ့်မယ်လို့ တိုးမြှင့်ခန့်မှန်းထားပါတယ်။

တစ်ချိန်တည်းမှာပဲ စီးပွားရေး လုပ်ဆောင်ချက်တွေ မျှော်လင့်တာထက် အားနည်းမှု ကြုံနေတဲ့ ထွန်းသစ်စနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်တော့ IMF ဟာ ဧပြီလက ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိမယ် ခန့်မှန်းထားတာကို လျှော့ချပြီး ၃ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၂၀၂၀ အတွက် ယခင် ၄ ဒသမ ၇ ရာခိုင်နှုန်း ခန့်မှန်းထားချက်ကို ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချခန့်မှန်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required