ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဆိုရှယ်မီဒီယာပေါ်က သတင်းမှားများကို မြန်မြန်ဆန်ဆန်ဖြေရှင်းရန်လိုဟုပြော

ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဆိုရှယ်မီဒီယာပေါ်က သတင်းမှားများကို မြန်မြန်ဆန်ဆန်ဖြေရှင်းရန်လိုဟုပြော

နေပြည်တော်၊ ဇူလိုင် ၂၃ ။              ။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မစတင်မီကကာလတွင်  ဆိုရှယ်မီဒီယာပေါ်မှ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းမှားများကို မြန်မြန်ဆန်ဖြေရှင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သူ  ဦးမြင့်ကျော်က ပြောသည်။

 ဇူလိုင်လ (၂၃)ရက်နေ့က နေပြည်တော်ရှိ Kempkski ဟိုတယ်တွင်  ကျင်းပပြုလုပ်ခဲ့သည့် သတင်းမီဒီယာကောင်စီနှင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ပြုလုပ်စဉ် ခတ္တရပ်နားချိန်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “ ၂၀၁၅နဲ့ အခုမတူတဲ့ဟာကတော့ ဥပမာ ဆိုရှယ် မီဒီယာလိုမျိုး ဆိုရှယ်ပလက်ဖောင်းလိုဟာမျိုး ဆိုရင်တော့ဒါ မီဒီယာတွေဘက်က ဆိုရှယ်မီဒီယာပေါ်မှာ တစုံတရာ သတင်းအမှားတွေ တက်လာတာတို့ ၊ Fake News တို့ သတင်းမှားတို့ အဲ့လိုမျိုး ဆိုရင်ကောင်စီ က ဘယ်လို မျိုးမျိုးမြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်မလဲ စသဖြင့် အဲ့လိုမျိုးအကြောင်းအရာတွေကတော့ ၂၀၁၅နဲ့ မတူ တဲ့အကြောင်း အရာတွေဖြစ်လိမ့်မယ်လို့ ကျွန်တေ်ာယူဆတယ်။ ဒါပေမယ့် ၂၀၁၅တုန်းကတော့ အဲ့လောက် ဟာတွေ သိပ်အများကြီးမရှိခဲ့ဘူး”ဟု  ဦးမြင့်ကျော် ကပြောသည်။

 ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်  ကော်မရှင်အနေဖြင့် သတင်းမီဒီယာများနဲ့ တွေ့ဆုံမှု နည်းပါးခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်  ပြည်သူများ သိသင့်သိထိုက်သည့်  အချက်အလက်များကို ကော်မရှင်မှ  သတင်းမီဒီယာများနှင့်  ပိုမိုတွေ့ဆုံ ပြောကြားသွားမည်ဟု  ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။

 “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက်ို ပွင့်ပွင့်လင်းလင်းနဲ့ ပွင့်လင်းမြင်သာအောင်ဆောင်ရွက်သွားမယ်ဆိုတဲ့ မဟာာဗျူဟာ စီမံချက်အရ ဒီလိုဆောင်ရွက်ခဲ့တယ် အောင်မြင်တယ်။ ဒါကြောင့်ဒီမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကလည်းပဲ ဒီအချက်အလက်တွေသိပြီးတာ့ ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်ချက်တွေ သတင်းတွေဘယ်လိုရရှိမလဲ  ပြည်သူတွေသိအောင် ဘယ်လိုထုပ်ဖော်မလဲ ဒါတွေကို ပူးပေါင်းပြီးဆောင်ရွက်မယ်” ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

လာမည့်၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုသည့် လုပ်ငန်းများကို ယခုနှစ် ဇူလိုင်လမှ စတင်ကာ စက်တင်ဘာလအထိ လုပ်ဆောင်သွားမည် ဖြစ်ပြီး မဲပေးသူ ၅သန်းခန့် တိုးလာမည်ဟု ကော်မရှင်ဘက်က ခန့်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required