ဒေါ်စု ပြောတဲ့ မြစ်ဆုံ ကို အချိန်ပေးခြင်း

By ဓားသွေးကျောက်
23 July 2019
ဒေါ်စု ပြောတဲ့ မြစ်ဆုံ ကို အချိန်ပေးခြင်း
ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ

ကျွန်တော်တို့ စာပေလောကမှာ စာရေးဆရာလို့ သတ်မှတ်တာ အရေးအသားကောင်းရမယ်၊ စာဖတ်သူကို စွဲဆောင်နိုင်ရမယ်၊ စာဖတ်သူအတွက် ကောင်းကျိုးဖြစ်ထွန်းရမယ်၊ အကျိုးပြုစာတွေ များများရေးနိုင်ရမယ် ဆိုတဲ့ ယေဘုယျသတ်မှတ်ချက်တွေ ရှိပါတယ်။ လွန်ခဲ့တဲ့အပတ်တုန်းက စာရေးသူ သန့်ဇော်(သန်လျင်)ရေးတဲ့ “ဒေါ်စုပြောတဲ့မြစ်ဆုံ” စာအုပ်ကို စိတ်ဝင်တစား ဖတ်ကြည့်ဖြစ်ခဲ့ပါတယ်။ စာရေးသူက ဘယ်သူလဲဆိုတာကတော့ မြန်မာ့နိုင်ငံရေးလောကမှာ မသိတဲ့သူ ခပ်ရှားရှားပါပဲဖြစ်ပါတယ်။

 ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာတော့ သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲတယ်ဆိုပြီး အာဏာသိမ်းစစ်အစိုးရ(တပ်မတော်အစိုးရ)က မဟုတ်မတရား စွပ်စွဲခံရကာ သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ထောက်ချခံခဲ့ရသူပဲဖြစ်ပါတယ်။ ထောင်ထဲမှာ သူဟာ ၂၃ နှစ် နေခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ကို ရောက်တော့မှ လွတ်မြောက်ခဲ့တဲ့သူပဲ ဖြစ်ပါတယ်။ ထောင်ကလွတ်လာပြီးနောက်ပိုင်းမှာတော့ နာမည်ကြီး ဂျာနယ်ကြီးတစ်ခုမှာ အယ်ဒီတာဝင်လုပ်ပြီး စာတွေကို အပတ်စဉ်ရေးသားခဲ့ပါတယ်။ “ထောင်ထဲ၌ ၂၃ နှစ်ကြာအသက်ရှင်ခဲ့ရသောနေ့ရက်များ” ဆိုတဲ့ သူ့ရဲ့ ဆောင်းပါးတွေဟာ မြန်မာနိုင်ငံ စာဖတ်သူလောကမှာရော နိုင်ငံရေးလောကမှာပါ နာမည်ကြီးခဲ့ပါတယ်။ “နိုင်ငံတော်မှားယွင်းမှု” ဆိုတဲ့ စာအုပ်ရယ်၊ “နာကျင်ခြင်းမျက်ရည်စတွေနဲ့” ဆိုတဲ့ စာအုပ်တွေကို ထုတ်ခဲ့ပြီး၊ ခုနောက်ဆုံး “ဒေါ်စုပြောတဲ့မြစ်ဆုံ” စာအုပ်ကို မြစ်ဆုံအရေး ကန့်ကွက်မှုတွေဖြစ်နေချိန်မှာ ချိန်ကိုက် ထုတ်လိုက်တာပဲဖြစ်ပါတယ်။  

စာအုပ်ရဲ့အစပိုင်းဖြစ်တဲ့ အမှာစာနဲ့ နိဒါန်းပိုင်းမှာတော့ နိုင်ငံရေးသမားနဲ့ ပညာရှင်တွေဟာ တိုင်းပြည်ချစ်စိတ်မှာ တူညီကောင်း တူညီနိုင်ပေမယ့် ၊ ပညာရှင်တွေ အချင်းချင်းတော့ မတူနိုင်ကြောင်း၊ ပညာရှင်တွေဟာ နိုင်ငံအတွက် အသုံးဝင်ကြောင်း၊ နိုင်ငံရှိ အနာဂတ်ပြည်သူများ၏ ကောင်းကျိုး ဆိုးကျိုးများသည် တိုင်းပြည်ခေါင်းဆောင်များနှင့် တိုက်ရိုက်ပတ်သက်နေလေရာ ဧရာဝတီမြစ်နှင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်လည်း တိုက်ရိုက်ပင် ပတ်သက်နေပါကြောင်း ဆိုတဲ့ အရေးအသားကြောင့်ပဲ စာမျက်နှာကို ဆက်လှန် ဆက်ဖတ်ဖြစ်အောင် တိုက်တွန်းနေသလိုပင် ဖြစ်ပါတယ်။

ရာဇဝင်များရဲ့ သတို့သမီး အခန်းကတော့ ဧရာဝတီကို နာမည်လှလှပေးချင်လို့ တခြားနာမည် ရွေးမရလို့ ပေးလိုက်ဟန်တူပါတယ်။ ကျွန်တော့အနေနဲ့ ဧရာဝတီမြစ်အကြောင်းကို ခေတ်လူငယ်တွေသိအောင် သန့်ဇော်(သန်လျင်)က ရေးထားတာ ဖြစ်ဟန်ရှိပါတယ်၊ မြစ်ဆုံအကြောင်း ဖော်ပြတဲ့အခါမှာ ဧရာဝတီအကြောင်းလည်း သိထားရမှာပဲ မဟုတ်ပါလား။ ဧရာဝတီမြစ်အကြောင်းကို ရေးပြီးတော့မှ အခန်း(၂)မှာတော့ စာရေးဆရာဟာ သူကိုယ်တိုင် ရောက်ရှိခဲ့တဲ့ မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသနားက ဧရာဝတီမြစ်ထဲ စီးဝင်နေတဲ့ မလိခမြစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ပါတိတ်ချောင်း အကြောင်းကိုလည်း သူသိသလောက် ရေးထားတာကလည်း စိတ်ဝင်စားစရာကောင်းပြီး မိုးတွင်းမှာ တောင်ကျရေကြောင့် ကျောက်စိမ်းတုံးကလေးများ ချောင်းရေထဲ ပါလာတာတွေနဲ့ မူလလောချောင်းပေါ်က မူလာရှီးဒီး တံတား၊ မလိခမြစ်ကူး မချမ်းဘော့ တံတားနဲ့ တန်ဖိုးရှိတဲ့ရေတွေ အလဟသဖြစ်နေတာကို နိုင်ငံရေးနဲ့ ဆွဲတွေး ဆွဲရေး ထားတာကိုလည်း တွေ့ရပါတယ်။

အနော်ရထာခေတ်ကစလို့ တိုင်းပြည်တိုးတက်ရေးအတွက် ဆည်တွေ၊ မြောင်းတွေ၊ တာတမံတွေ တည်ဆောက်ခဲ့ပေမယ့် ယခုအချိန်ထိ မြစ်ရေတွေပေါများပြီး မြစ်ရေတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် ထိထိရောက်ရောက် အသုံးမချနိုင်သေးတာလည်း စာရေးဆရာကို မချင့်မရဲ အားမလို အားမရဖြစ်ဟန်ပါပဲ။ သဘာဝပတ်ဝန်းကျင်ဖျက်ဆီးသူတွေကြောင့် ပတ်ဝန်းကျင်ပြုပြင် ထိန်းသိမ်းမှုအားနည်းနေတာတွေ၊ နှစ်စဉ် မြစ်ရေ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာတွေ၊ ကမ်းပါးပြိုတာတွေနဲ့ ဆုံးရှုံးမှုတွေကို ယခုခေတ် ယခုကမ္ဘာမှာ မထိန်းချုပ်နိုင်သေးတာကိုလည်း ရေးပြထားပါတယ်။

မြန်မာပြည်က မြစ်တွေက ထန်းသိမ်းမှုညံ့ဖျင်းနေရုံမက အရင်အစိုးရခေတ်ကတည်းက စက်ရုံ အလုပ်ရုံတွေရဲ့ စွန့်ပစ် ဓာတုပစ္စည်းတွေ၊  အမှိုက်သရိုက်တွေပစ်နေကြတာတွေကိုလည်း ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုပါ ထည့်ရေးထားပါသေးတယ်။ အခန်း(၃)ဖြစ်တဲ့ မြစ်တွေ၊ ချောင်းတွေ၊ မြောင်းတွေ ဆိုတဲ့ အခန်းမှာတော့ မြန်မာပြည်က မြစ်တွေအကြောင်းကိုရေးလို့ ဒီမြစ်တွေ ချောင်းတွေ မြောင်းတွေထဲကို အမှိုက်မပစ်ချကြဖို့ကို စတင်ပြီး ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်း၊ အကျိုးရှိစွာ ထိန်းသိမ်းမယ်ဆိုရင် ရေကြီးရေလျှံဖြစ်မှုတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း စတဲ့ ဧရာဝတီမြစ်ကြီးကို အသက်ဆက်ပေးကြဖို့ ကိုလည်း ရေးသားထားတာ ဖတ်ရပါတယ်။

လက်ရှိ ဧရာဝတီအကြောင်းဆွေးနွေးထားတာတွေ၊ မြစ်ဆုံဆည် တည်ဆောက်မယ့် ပြဿနာတွေ၊ မြစ်ဆုံရဲ့ အထက်ပိုင်းက ရေအားလျှပ်စစ်စက်ရုံ စီမံကိန်း အကြောင်းတွေ၊ ဆည်အကြောင်းနဲ့ ရေကာတာအကြောင်းတွေ၊ စနစ်တကျ လုပ်ဆောင်ကြမယ်ဆိုပါက အကျိုးဖြစ်ထွန်းမှု များပြားကြောင်း ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတကာက အကြောင်းတွေပါ ရောနှောမွှေနှောက်ထားတာကိုလည်း ဒီစာအုပ်မှာ တွေ့ရမှာဖြစ်ပါတယ်။ တစ်ခါ မြစ်ကြီးနားမြို့ ၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရဲ့ ကန့်သတ်နယ်မြေအတွင်းကိုလည်း ကိုယ်တိုင်ရောက်ခဲ့ပြီး အကယ်၍ မြစ်ဆုံရေကာတာကြီး ဆောက်ခဲ့ရင် ဆောက်မယ့်နေရာတွေကိုပါ ဓာတ်ပုံရိုက် ပြထားပါသေးတယ်။

ဒေါ်စုပြောတဲ့ မြစ်ဆုံ စာအုပ်ထဲမှာ စာရေးဆရာက သူ့ရဲ့ အိပ်မက်တွေ သူ့ရဲ့ စိတ်ကူးတွေကိုလည်း အချိတ်အဆက်မိမိ ရေးထားတာကို ဖတ်လိုက်ရတာကလည်း ဝမ်းနည်းဝမ်းသာ ခံစားရပါသေးတယ်။ နောက်စာရေးသူဟာ သူရောက်ခဲ့တဲ့ တရုတ်ပြည်ခရီးက တွေ့ရခဲ့တဲ့ မြစ်အကြောင်း၊ ဆည်အကြောင်းနဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်ထုတ်လုပ်ပုံ အကြောင်းတွေလည်း စာဖတ်ပရိတ်သတ်အတွက် မြန်မာနဲ့ယှဉ်ပြီး မျှဝေထားပါသေးတယ်။ သူတို့နိုင်ငံတွေက မြစ်တွေမှာ ဆည်မပိတ်ခင် ဇီဝမျိုးစိတ်တွေ၊ ရုက္ခမျိုးစိတ်တွေ အစရှိသဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း မွေးမြူ စောင့်ရှောက်ထားတာတွေကိုလည်း မြန်မာက မြစ်ဆုံနဲ့ နှိုှုင်းယှဉ်လို့လည်း ရေးသားထားပြီး ပုံတွေနဲ့တကွ အများပြည်သူ မဖြစ်မနေဖတ်သင့်မှတ်သင့်အောင် ရေးထားတာလည်း တွေ့ရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့ ၊ ပဲခူးတိုင်း ပြည်မြို့ကိုရောက်စဉ် ဧရာဝတီ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ပြောထားတာတွေနဲ့၊ မြစ်ဆုံအရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်လာတာတွေ၊ တကယ်တော့ မြစ်ဆုံအရေးဟာ တိမ်မယောင်နဲ့ နက်နေတာမဟုတ်ဘဲ၊ နက်မယောင်နဲ့ တိမ်နေတာကို စာရေးသူက သူ့ရဲ့ နိုင်ငံရေးအမြင်တွေနဲ့ လတ်တလော ပြည်သူတွေ ခံစားနေရတဲ့ ခံစားချက်တွေကို တိုင်းပြည်တိုးတက်ရေးအမြင်တွေနဲ့ နိုင်ငံရေးသမားပီသစွာ ရေးသားထားတာကို ခြုံငုံ တွေ့မြင်ရပါကြောင်း ။      ။

ဓားသွေးကျောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly