Martin Nguyen နှင့် Matsushima တို့ တွဲဆိုင်းသည် ဖယ်သာဝိတ်တန်း အကောင်းဆုံး ပြိဳင်ပွဲဖြစ်လာမည်ဟု ဖိုးသော် သုံးသပ်

Martin Nguyen နှင့် Matsushima တို့ တွဲဆိုင်းသည် ဖယ်သာဝိတ်တန်း အကောင်းဆုံး ပြိဳင်ပွဲဖြစ်လာမည်ဟု ဖိုးသော် သုံးသပ်

လာမည့် သြဂုတ်လ ၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Mall Of Asia Arena အားကစားရုံတွင် ONE: DAWN OF HEROES ပြိုင်ပွဲအား ကျင်းပတော့မည်ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း ကိုယ်ခံပညာ သိုင်းပေါင်းစုံအား ကစားသမားများ၏ အကြိတ်အနယ်ရှိမည့် တွဲဆိုင်းပေါင်း ၁၅ ဆိုင်းပါဝင်ပြီး ပရိသတ်များအကြိုက် ပွဲကြီးပွဲကောင်းများဟုလည်း ဆိုနိုင်သည်။

တွဲဆိုင်းပေါင်း ၁၅ ဆိုင်းရှိသည့်အနက် အဓိကတွဲဆိုင်းအဖြစ် ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ တွဲဆိုင်းကို ထည့်သွင်းသွားမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ဗီယက်နမ် - သြစတြေးလျ ကပြား Martin Nguyen “The Situ-Asian” နှင့် စိန်ခေါ်သူ ဂျပန်နိုင်ငံ့ဂုဏ် ဆောင်Koyomi Matsushima “Moushigo” တို့၏ ပွဲဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် Koyomi သည် ကရာတေး၊ ဂျူဒို၊ နပမ်း အပါအဝင် ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်များအား ကျွမ်းကျင်ပိုင်နိုင်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့သူဖြစ်သည်။ တောက်မည့်မီးခဲ တရဲရဲဆိုသလိုပင် Koyomi သည် စတင်ယှဉ်ပြိုင်သည့် အဖွင့် ၅ ပွဲစလုံးအား ဒိုင်ပွဲရပ်အနိုင်ရခဲ့ပြီး ထိပ်တန်းအဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားဆိုသည်ကို သက်သေပြနိုင်ခဲ့သည်။

ထို့ပြင် ၎င်းသည် ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship နှင့် လက်တွဲခဲ့ချိန်တွင်လည်း အဖွင့် ၂ ပွဲစလုံးကို နိုင်ပွဲဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့ကြောင့် ဂျပန်ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားနှင့် ရင်ဆိုင်ရမည့်ပွဲစဉ်မှာ Martin အတွက် ခက်ခဲမည့် အနေအထားဟု ဆိုနိုင်သည်။

သို့သော် အသက် ၃၀ အရွယ် Martin မှာ Koyomi ထက် အသက်အရွယ်ပိုင်းတွင်သာမက ကြိုးဝိုင်းအတွေ့အကြုံတွင်ပါ ရင့်ကျက်သူဖြစ်သလို ONE  ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်ရာ ၎င်း၏ ချန်ပီယံခါး ပတ်ကို အလွယ်တကူ လက်လွတ်ခံမည်တော့ မဟုတ်ပါ။

မြန်မာနိုင်ငံဂုဏ်ဆောင် ဖိုးသော်က မနီလာတိုက်ပွဲတွင် ထိပ်တန်း အားကစားသမားနှစ်ယောက်စလုံးအတွက် အနိုင်ရနိုင်ခြေမှာ ၅၀-၅၀ စီဖြင့် ဆတူရှိနေသည်ဟု ၎င်း၏အမြင်ကို သုံးသပ်သည်။ Bushido သည် ၂၀၁၆ ONE မြန်မာဖယ်သာဝိတ်တန်း ချန်ပီယံဖြစ်ထားသလို နောက်ဆုံးထိုးသတ်ထားသော ၂ ပွဲတွင် အင်ဒိုနီးရှား ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားများဖြစ်သည့် Victorio Sendak နှင့် Yohan Mulia Legowo တို့ကို အနိုင်ယူထားသူလည်းဖြစ်သည်။

ဖိုးသော်က Martin သည် ၎င်း၏ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ရေးအတွက် လေ့ကျင့်ချိန်အများအပြားရထားသလို Koyomi မှာ ပွဲအရမ်းကပ်နေသော်လည်း သွေးပူနေတုန်းဖြစ်သောကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာမည်မှာ သေချာကြောင်း သုံးသပ်သည်။

“ Koyomi က ကျွန်တော်နဲ့ အတူတူ ရှန်ဟိုင်းပွဲမှာ ကစားထားတော့ ပွဲအရမ်းနီးနေပေမယ့်လည်း သွေးပူနေတုန်း အနေအအထားမျိုးဖြစ်နေတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မယ်။ Koyomi က Ground Fight  အရမ်းအားသာတယ်။ ဂျပန်ကစားသမားတွေက များသောအားဖြင့် နပမ်းကောင်းသလို ဂျူဂျစ်ဆုကိုလည်း ပိုင်နိုင်ကြတယ်။” ဟု ဖိုးသော်က ပြောကြားခဲ့သည်။

လက်ရှိ ချန်ပီယံ Martin နှင့် ပတ်သက်၍ “Martin က သူ့ရဲ့ခါးပတ်ကို အကောင်းဆုံး ကာကွယ်ဖို့အတွက် လေ့ကျင့်ရေးက ပြည့်ဝနေပြီးသားဖြစ်သလို လေ့ကျင့်ချိန်တွေကလည်း အများကြီးရထားတယ်။ Martin က တိုက်စစ်ကောင်းတယ်။”  ဟု ဖိုးသော်က ၎င်း အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

“ တိုက်စစ်သမားနဲ့ နပမ်းသမားတွေ့တဲ့အခါ ဘယ်သူအားသာမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော့်အနေနဲ့ကတော့ အမှားလုပ်တဲ့သူ ရှုံးနိမ့်သွားမှာပဲလို့ထင်တယ်။ နှစ်ယောက်စလုံးက တိုက်ရည်ခိုက်ရည်အရမ်းကောင်းတဲ့ သူတွေဖြစ်လို့ ဘာမဆိုဖြစ်သွားနိုင်တယ်လို့ထင်တယ်” ဟု ဖိုးသော်က ၎င်း၏အမြင်ကို ပြောသည်။

၎င်း၏ဝိတ်တန်းဖြစ်သည့် ဖယ်သာဝိတ်တန်းတွင် အတူတူယှဉ်ပြိုင်နေသော ကစားသမားများဖြစ်သောကြောင့် ဒဏ်ရာထိခိုက်မှု ကြီးကြီးမားမားမဖြစ်စေရန် ဖိုးသော်က ဆုတောင်းပေးခဲ့ပြီး အနိုင်ရနိုင်ခြေမှာ နှစ်ဦးစလုံးအ တွက် ၅၀ - ၅၀ ရာခိုင်နှုန်းရှိနေသည်ဟုလည်း သုံးသပ်သည်။

“ ကျွန်တော်တို့ ဖယ်သာဝိတ်တန်းမှာဆိုရင် Martin က တိုက်စစ်အရမ်းကောင်းသလို ပါးရည်နပ်ရည်လည်းရှိတယ်။ ပြီးတော့ Koyomi ကလည်း တိုက်စစ်ကစားတတ်သလို မာန်ပါပြီး ရက်စက်ကြမ်းကြတ်တဲ့ကစားသမား ဖြစ်တယ်။ ဒါ့အပြင် သူက မြေပြင်ချုပ်ကွက်ပိုင်းမှာ လည်း အရမ်းအားသာတယ်။ ကျွန်တော်ကတော့ အနိုင်ရနိုင် ခြေက ၅၀-၅၀ လို့ပဲ ပြောချင်ပါတယ်။ ပြီးတော့ နှစ်ယောက်စလုံး ကံကောင်းပါစေ။ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရဘဲ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် “ ဟု ဖိုးသော်က ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly