Myanmar Net တွင် ယူကေကုမ္ပဏီမှ ကန်ဒေါ်လာ သန်း ၃၀ နီးပါး ရင်းနှီးမြှုပ်နှံမည်

Myanmar Net တွင် ယူကေကုမ္ပဏီမှ ကန်ဒေါ်လာ သန်း ၃၀ နီးပါး ရင်းနှီးမြှုပ်နှံမည်

ရန်ကုန်၊ ဇူလိုင် ၂၂ ။          ။ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Myanmar Net တွင် ယူကေအခြေစိုက် CDC ကုမ္ပဏီမှ အမေရိကန်ဒေါ်လာသန်း ၃၀ နီးပါး ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။

ယူကေအခြေစိုက်ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ခြင်းဖြစ်ပြီး Myanmar Net အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသော Frontiir ကုမ္ပဏီသို့ ထည့်ဝင်မည်ဟု ဇူလိုင် ၂၂ ရက်က ကြေညာခဲ့ခြင်း ဖြစ်သည်။

 “CDC ရင်းနှီးမြှုပ်နှံထည့်ဝင်မှုက စီးပွားရေးတိုးတက်မှုနှုန်းကို အရှိန်မြှင့်ကူညီနိုင်မှာဖြစ်သလို ဝေးလံခေါင်ဖျား ဒေသတွေကိုလည်း အင်တာနက် ရောက်ရှိနိုင်ရန် ကူညီပေးနိုင်ပါလိမ့်မယ်” ဟု CDC အာရှဌာနခွဲ၏ ဦးဆောင်ညွှန်ကြားရေးမှူး Srini Nagarajan က ပြောသည်။

လက်ရှိတွင် Myanmar Net အနေဖြင့် “ ကျပ် ၁၀၀၀၊  ၅ ရက်သုံး” အင်တာနက်ဝန်ဆောင်မှုများအပါအဝင် အခြားဝန်ဆောင်မှုများပါ ရောင်းချနေပြီး ယခုပူးပေါင်းမှုအရ တစ်နေ့လျှင် ကျပ် ၂၀၀ ဖြင့် အဝသုံးအင်တာနက် ဝန်ဆောင်မှုပေးနိုင်ရန် မျှော်မှန်းထားသည်ဟု ကုမ္ပဏီဘက်မှ ဆိုသည်။

 “ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်များ ထောင်နှင့်ချီ၍ ဖန်တီးနိင်မည်ဖြစ်ပြီး လူသန်းပေါင်းများစွာကိုလည်း စျေးနှုန်းချိုသာသည့် တစ်နေ့လျှင် ၂၀၀ ကျပ်နှုန်း အဝသုံးအင်တာနက်ကို ပေးဆောင်နိုင်မှာ ဖြစ်ပါတယ်” Frontiir ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာဝေလင်းထွန်းက ပြောသည်။

Myanmar Net (Frontiir ကုမ္ပဏီ)အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းရှိ လူနှစ်သန်းကျော် အင်တာနက် အသုံးပြုနိုင်ရန် ရည်မှန်းထားပြီး ၂၀၂၂ ခုနှစ် မတိုင်မီ ရန်ကုန်နှင့် မန္တလေးမြို့အနီးရှိ ဝင်ငွေနည်းပါးသော မြို့ငယ်များ၊ အခြား တိုင်းနှင့်ပြည်နယ်များရှိ မြို့ကြီး ၂၂ မြို့အား အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်ရန် စီစဉ်နေသည်။

မြန်မာနိုင်ငံ၏ Mobile Broadband ထိုးဖောက်မှုပမာဏမှာ ဖွံ့ဖြိုးလာသော်လည်း အင်တာနက်ဒေတာ ချိတ်ဆက်အသုံးပြုမှုမှာ အလွန်နည်းပါးနေသေးပြီး အထူးသဖြင့် ဝင်ငွေနည်းသောကျေးလက်တွင် ဖြစ်ကြောင်း CDC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စျေးနှုန်းသက်သာပြီး စိတ်ချရသော အင်တာနက် ရရှိပါက ပိုမိုဖွံ့ဖြိုးလာနိုင်ကြောင်း ဖော်ပြထားသည်။

CDC Group plc သည် ယူကေအစိုးရ၏ဖွံ့ဖြိုးတိုးတက်မှုအခြေခံဘဏ္ဍာရေးအဖွဲ့အစည်း ဖြစ်ပြီး အာရှနှင့် အာဖရိကတိုက်များတွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသည်။

Myanmar Net သည် မန္တလေးနှင့် ရန်ကုန်တွင် အဓိက ရောင်းချပေးနေပြီး Frontiir ကုမ္ပဏီ အနေဖြင့် သက်တမ်း ၅ နှစ်ကျော် ရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက်အပြင် Myanmar Net ၊ အနန္တ၊ MPT ဖိုင်ဘာ၊ 5 BB အပါအဝင် အင်တာနက် Broadband များကို ရောင်းချဝန်ဆောင်မှုပေးနေသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly