ONE Championship တွင် ထည့်သွင်းကျင်းပနေသည့် Grand Prix ရှုံးထွက် ပြိုင်ပွဲကြီး ၃ ခု

ONE Championship တွင် ထည့်သွင်းကျင်းပနေသည့် Grand Prix ရှုံးထွက် ပြိုင်ပွဲကြီး ၃ ခု

အာရှတစ်လွှားတွင် အကောင်းဆုံး ကိုယ်ခံပညာ အားကစား ပြိုင်ပွဲများကို ကျင်းပနေသည့် ONE Championship သည် ယခုနှစ်တွင် ကမ္ဘာ့ချန်ပီယံလုပွဲများ၊ Super Series တွဲဆိုင်းများအပြင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ဝိတ်တန်းနှစ်ခုနှင့် Kickboxing ဝိတ်တန်းတစ်ခု အတွက် ဂရင်းပရီ Grand Prix (GP) ပြိုင်ပွဲသုံးခုကိုလည်း ကျင်းပပေးလျက်ရှိသည်။

Grand Prix ဆိုသည်မှာ ဝိတ်တန်း တစ်ခုတည်းမှ ထိပ်တန်း ကစားသမား အရေအတွက် အနည်းဆုံး ရှစ်ဦးကို ရှုံးထွက်ပုံစံပွဲစဉ်ဇယား ရေးဆွဲကာ ယှဉ်ပြိုင်စေခြင်း ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲ အနိုင်ရသည့် ကစားသမားကိုသာ ချန်ပီယံအဖြစ် သတ်မှတ်သည်။ ယခုနှစ် ONE Championship တွင် ထည့်သွင်းကျင်းပနေသည့် GP ပြိုင်ပွဲကြီး ၃ ခု အကြောင်းကို စုစည်းတင်ပြလိုက်ရပါသည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ လိုက်ဝိတ်တန်း ဂရင်းပရီ

ONE Championship ၏ လိုက်ဝိတ်တန်းမှ ထိပ်တန်း ကစားသမား ရှစ်ယောက် ပါဝင်ယှဉ်ပြိုင်ကြသည့် လိုက်ဝိတ်တန်း GP ပြိုင်ပွဲသည် စိတ်ဝင်စားဖွယ် အကောင်းဆုံး GP တစ်ခု ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နာမည်ကြီး ကစားသမားများ ဖြစ်ကြသည့် ONE ၏ ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Honorio “The Rock” Banario၊ ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲလုံးဝ မရှိခဲ့ဖူးသည့် KOTC ချန်ပီယံဟောင်း Lowen Tynanes၊ UFC နှင့် Bellator ချန်ပီယံဟောင်း Eddie “The Underground King” Alvarez၊ ကာဇက်စတန် ကစားသမား Timofey Nastyukhin၊ စင်ကာပူ ကစားသမား Amir Khan၊ ကော်စတာရီကာ ကစားသမား Ariel “Tarzan” Sexton၊ တူရကီ ကစားသမား Saygid “Dagi” Gusein Arslanaliev နှင့် မလေးရှား ကစားသမား Ev “E.T.” Ting တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

ယင်းကစားသမား ရှစ်ဦးကို ကွာတားဖိုင်နယ် တွဲဆိုင်းများ အဖြစ် တွဲဆိုင်း ၄ ခု ခွဲ၍ ယှဉ်ပြိုင်စေခဲ့ရာ Tynanes က Banario ကို လည်းကောင်း၊ Sexton က Khan ကို လည်းကောင်း၊ Arslanaliev က Ting ကို လည်းကောင်း ပထမအချီများတွင် အသီးသီး အလဲထိုး အနိုင်ယူခဲ့သည်။ Alvarez နှင့် Nastyukhin တို့ တစ်ပွဲသာ တတိယ အချီအထိ ရောက်ခဲ့ပြီး Nastyukhin က မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူခဲ့သည်။ အမှန်တကယ် အားဖြင့် ဆီမီးဖိုင်နယ်တွင် Tynanes နှင့် Nastyukhin တို့ တွေ့ဆုံရမည် ဖြစ်သော်လည်း နှစ်ဦးစလုံး ဒဏ်ရာပြဿနာ များကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိသဖြင့် Tynanes အစား Alvarez က ပြန်လည်ပါဝင်လာခဲ့ပြီး Nastyukhin နေရာတွင် လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Eduard Folayang ယှဉ်ပြိုင်မည် ဖြစ်သည်။ အဆိုပါ တွဲဆိုင်းကို လာမည့် ONE: Dawn of Heroes တွင် ထည့် သွင်း ကျင်းပမည် ဖြစ်သည်။

တစ်ဘက်တွင်လည်း Sexton နှင့် Arslanaliev တို့ ရင်ဆိုင်ရမည် ဖြစ်သော်လည်း Sexton က ဒဏ်ရာ ပြဿနာကြောင့် နှုတ်ထွက်သွား သဖြင့် Kahn က ပြန်လည် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ သို့သော် Khan သည် အိမ်ကွင်း ဖြစ်သော စင်ကာပူတွင် ကစားရသည့် ONE: Enter the Dragon ပြိုင်ပွဲတွင် Arslanaliev ကို ပထမအချီတွင်ပင် အလဲထိုး ခံရပြီး ရှုံးနိမ့်ခဲ့သောကြောင့် ဒုတိယ အကြိမ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ထို့ကြောင့် Arslanaliev သည် ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်ကာ Alvarez နှင့် Folayang တို့ပွဲမှ အနိုင်ရသည့် ကစားသမားနှင့် ရင်ဆိုင်ရန် စောင့်ကြိုလျက်ရှိသည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ ဖလိုင်းဝိတ်တန်း ဂရင်းပရီ

လိုက်ဝိတ်တန်း GP ကဲ့သို့ပင် စိတ်ဝင်စားစရာ ကောင်းသည့် အခြား GP တစ်ခုမှာ ONE ၏ ဖလိုင်းဝိတ်တန်းမှ ထိပ်တန်း ကစားသမား ရှစ်ဦး ပါဝင်သည့် ဖလိုင်းဝိတ်တန်း GP ဖြစ်သည်။ ယင်းပြိုင်ပွဲတွင်လည်း နာမည်ကြီး ကစားသမားများ ဖြစ်ကြသော UFC ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း Demetrious “Mighty Mouse” Johnson၊ ONE ၏ ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း Kairat “The Kazakh” Akhmetov၊ ဂရိ လက်ရွေးစင် နပမ်းသမားဟောင်း Gustavo Balart၊ Pancrase ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်းများ ဖြစ်ကြသည့် Yuya “Little Piranha” Wakamatsu နှင့် Senzo Ikeda၊ ဖိလစ်ပိုင် ကစားသမား Danny “The King” Kingad၊ DEEP ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း Tatsumitsu “The Sweeper” Wada နှင့် သြစတြေးလျ ကစားသမား Reece “Lightning” McLaren တို့ ပါဝင်ယှဉ်ပြိုင် ကြသည်။

၎င်းတို့ကို ကွာတားဖိုင်နယ် အဖြစ် တွဲဆိုင်း ၄ တွဲ ခွဲပြီး ယှဉ်ပြိုင်စေခဲ့ရာ လိုက်ဝိတ်တန်း GP ထက် ပိုမိုအကြိတ်အနယ် ရှိခဲ့ပြီး တွဲဆိုင်း သုံးခုမှာ ၃ချီပြည့်သည် အထိ အရှုံးအနိုင် အဖြေမပေါ်သဖြင့် ဒိုင်များ၏ အမှတ်ဖြင့် အဆုံးအဖြတ် ပေးခဲ့ရသည်။ ထိုအခါ Wada က Balart ကို လည်းကောင်း၊ Akhmetov က McLaren  ကို လည်းကောင်း၊ Kingad က Ikeda ကို လည်းကောင်း အမှတ်ဖြင့် အနိုင်ရ ခဲ့သည်။ Johnson တစ်ဦးသာ Wakamatsu ကို ဒုတိယ အချီတွင် မြေပြင်ချုပ်ကွက်ဖြင့် လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် တွဲဆိုင်းများကို လာမည့် ONE: Dawn of Heroes ပြိုင်ပွဲကြီးတွင် ထည့်သွင်းကျင်းပမည် ဖြစ်ကာ Johnson က Wada နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ တစ်ဘက်တွင် Akhmetov နှင့် Kingad ရင်ဆိုင်ရမည် ဖြစ်သော်လည်း Akhmetov ၏ ဒဏ်ရာ ပြဿနာကြောင့် ၎င်းနေရာတွင် Mclaren က အစားထိုး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းတွဲဆိုင်းနှစ်ခုမှ အနိုင်ရသူ နှစ်ဦးက ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

Kickboxing ဖယ်သာဝိတ်တန်း ဂရင်းပရီ

ဆုငွေ ဒေါ်လာတစ်သန်း ချီးမြှင့်မည့် ယခုပြိုင်ပွဲသည် GP သုံးခုအနက် လူသိအများဆုံး GP ဖြစ်လာပြီး Kickboxing လောကတွင်လည်း ပြိုင်ပွဲတစ်ခုတည်းမှ အမြင့်ဆုံး ဆုငွေချီးမြှင့်မှု ဖြစ်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြသည့် နာမည်ကျော် Kickboxing ကစားသမားများမှာ မွေထိုင်း ဥရောပချန်ပီယံဟောင်း Dzhabar Askerov၊ WBC မွေထိုင်း ချန်ပီယံဟောင်း “The Hero” Yodsanklai IWE Fairtex၊ WMC မွေထိုင်း ချန်ပီယံဟောင်း Sasha Moisa၊ Kickboxing ကမ္ဘာ့ချန်ပီယံ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသူ Giorgio “The Doctor” Petrosyan၊ Lion Fight ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံ “Smokin’” Jo Nattawut၊ မွေထိုင်း ကမ္ဘာ့ချန်ပီယံ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသူ Enriko “The Hurricane” Kehl၊ မွေထိုင်းနှင့် Kickboxing သုံးထပ်ကွမ်း ချန်ပီယံ Samy “AK47” Sana၊ မွေထိုင်း ကမ္ဘာ့ ချန်ပီယံဟောင်း Petchmorakot Petchyindee Academy တို့ ပါဝင်ယှဉ်ပြိုင် ကြသည်။

ယင်းပြိုင်ပွဲ၏ ကွာတားဖိုင်နယ် တွဲဆိုင်းလေးခု ယှဉ်ပြိုင်ရာတွင် Nattawut တစ်ဦးသာ Moisa ကို တတိယ အချီတွင် အလဲထိုးခဲ့ပြီး ကျန် ၃ ပွဲမှာ အမှတ်ဖြင့် အဆုံးအဖြတ် ပေးခဲ့ရသည်။ Petchmorakot က Petrosyan ကို လည်းကောင်း၊ Sana က Yodsanklai ကို လည်းကောင်း၊ Askerov က Kehl ကိုလည်းကောင်း အမှတ်ဖြင့် အသီးသီး အနိုင်ရခဲ့သည်။ သို့သော် Petchmorakot နှင့် Petrosyan ပွဲတွင် အငြင်းပွားဖွယ်ရာ ဖြစ်ရပ်များ ရှိခဲ့သဖြင့် ပွဲကိုပြန်လည် သုံးသပ်ခဲ့ပြီးနောက် ရလဒ်ကို ပယ်ဖျက်ခဲ့သည်။ ၎င်းတို့ကို ပြီးခဲ့သည့် ONE: Masters of Destiny ပြိုင်ပွဲတွင် အဓိကပွဲ အဖြစ်သတ်မှတ်ပြီး ပြန်ထိုးစေခဲ့ရာ Petrosyan က ပြန်လည် အနိုင်ရခဲ့သည်။

လာမည့် ဆီမီးဖိုင်နယ် ပွဲများတွင် Petrosyan က Nattawut နှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး Sana က Askerov နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ယင်းနှစ်ပွဲမှ အနိုင်ရသည့် ကစားသမားများက ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည် ဖြစ်ကာ ဗိုလ်စွဲသည့် ကစားသမားသည် ဆုကြေးငွေ အမေရိကန် ဒေါ်လာတစ်သန်း ရရှိမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required