ပဲနီလေးစားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ပဲနီလေးစားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ပဲနီလေးလို့ပြောလိုက်ရင် မျက်လုံထဲမှာ လိမ္မော်ရောင်ရင့်ရင့် ပဲစိသေးသေးလေးတွေကိုပြေးမြင်မယ်ထင်ပါတယ်နော်။ ကုန်ခြောက်ဆိုင်တွေမှာ အလွယ် တကူဝယ်ယူလို့ရနိုင်သလို ရာသီမရွေးစားသုံးလို့ရတဲ့ ပဲအမျိုးအစားတစ်မျိုးပါ။ ဟင်းရည်ချက်စားကြသလို ပဲနီလေးကို ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့နှပ်စားတာမျိုးလည်းရှိပါတယ်။ စားရတာနူးနူးညံ့ညံ့နဲ့စားကောင်းတဲ့ ဟင်းတစ်မျိုးပါ။
ပဲနီလေးမှာ ဘယ်လိုအာဟာရဓာတ်တွေပါလဲ………

ပဲနီလေးစားသုံးပေးရင်းရရှိမယ့် အာဟာရဓာတ်တွေက

  •     ကယ်လ်လိုရီ
  •     ကာဗိုဟိုက်ဒရိတ်
  •     ပရိုတင်း
  •     အဆီ
  •     အမျှင်ဓာတ်
  •     သီရာမင်း
  •     နီကာဆင်
  •     ဗီတာမင် B6
  •     ဖောလိတ်
  •     သံဓာတ်
  •     Pantothenic Acid
  •     မဂ္ဂနီဆီယမ်
  •     ဖော့စဖောရပ်စ်
  •     ပိုတက်ဆီယမ်
  •     ဇင့်
  •     ကော့ပါး
  •     မဂ္ဂနိ႔ တို့ပါဝင်နေပါတယ်။

ပဲနီလေးစားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ…….

ပဲနီလေးစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ပဲနီလေးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ် နဲ့ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ပဲနီလေးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ကျစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တယ်

ပဲနီလေးမှာ ဖောလိတ်ပါဝင်နေတာကြောင့် ဘေဘီလေးကိုကကျန်းမာစေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းစားသုံးမယ်ဆိုရင် ဖောလစ်အက်ဆစ်ကို ကြွယ်ဝစွာရရှိစေမှာပါ။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ဆိုရင် ပဲနီလေးစားသုံးပေးလို့ရပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်

ပဲနီလေးမှာ ဆီလိနီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ကာကွယ်ပေးနိုင်သလို ကင်ဆာကျိတ်တွေကိုကြီးထွားမလာစေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်အောင်လှုံ့ဆော်ပေးပါတယ်။ အသည်းအင်ဇိုင်းတွေကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်စေပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကင်ဆာမဖြစ်အောင် အကောင်းဆုံးတားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ပင်ပန်းနွမ်းနယ်တာကို သက်သာစေတယ်

ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်တာကို အဓိကဖြစ်စေတဲ့ အချက်တစ်ချက်ကသံဓာတ်အားနည်းတာပါ။ လူနေမှုပုံစံပြောင်းလဲလာတာကြောင့် အခုနောက်ပိုင်းမှာ လူတော်တော်များများဟာ သံဓာတ်အားနည်းလာမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ ပဲနီလေးက ပရိုတင်းဓာတ်ကိုပေးနိုင်သလို သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေစနစ်ကျန်းမာစေနိုင်တယ်

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံး စွမ်းဆောင်ရည်ရရှိစေနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို အူနံရံတွေကိုလည်း အာဟာရဓာတ်တွေ အကောင်းဆုံးစုပ်ယူနိုင်အောင် ပံ့ပိုးပေးပါတယ်။ အမျှင်ဓာတ်က ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး ကိုယ်အလေးချိန်များလို့ ဝိတ်ချချင်သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly