ကိတ်သာမန်ကို အနိုင်ယူပြီး အသက်အကြီးဆုံး ဝယ်လ်သာဝိတ် ‘စူပါ’ ချန်ပီယံဖြစ်လာတဲ့ ပက်ကွီအို

ကိတ်သာမန်ကို အနိုင်ယူပြီး အသက်အကြီးဆုံး ဝယ်လ်သာဝိတ် ‘စူပါ’ ချန်ပီယံဖြစ်လာတဲ့ ပက်ကွီအို
Photos: EPA

ဖိလစ်ပိုင် လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုဟာ ဇူလိုင်လ ၂၁ ရက်နေ့ အစောပိုင်း (မြန်မာစံတော်ချိန်)က WBA ချန်ပီယံ ကိတ်သာမန်ကို အနိုင်ယူပြီး လက်ဝှေ့သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဝယ်လ်သာဝိတ်တန်းချန်ပီယံဖြစ်လာခဲ့ပါတယ်။

အသက် (၄၀)နှစ်ရှိပြီဖြစ်တဲ့ ပက်ကွီအိုဟာ သူ့ထက် (၁၀)နှစ်ငယ်တဲ့ အမေရိကန်လက်ဝှေ့ကျော် ကိတ်သာမန်ကို အမှတ်နဲ့ အနိုင်ရခဲ့တာပါ။
 
ဒီပွဲကို နာမည်ကြီး လက်စ်ဗီးဂတ်စ်က MGM Grand Garden Arena မှာ ထိုးသတ်ခဲ့တာဖြစ်ပြီး ဝယ်လ်သာဝိတ်တန်းချန်ပီယံဟောင်း ဖလွိုက် မေဝဲလ်သာအပါအဝင် ပရိသတ်ပေါင်း (၁၄,၃၅၆) ဦးက ကြည့်ရှုအားပေးခဲ့ပါတယ်။

ပက်ကွီအိုအနေနဲ့ ကိတ်သာမန်ထက် လက်ရည်ပိုသာခဲ့ပြီး ပထမအချီမှာတင် ကိတ်သာမန် ကြမ်းပြင်ပေါ်လဲကျခဲ့ပေမယ့် အမေရိကန် လက်ဝှေ့သမားကို ပွဲချီပြည့် (၁၂)ချီအထိ ရေကုန်ရေခမ်း ထိုးသတ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း အမှတ်ပေးဒိုင် (၃)ဦးအနက် (၂)ဦးက ပက်ကွီအိုကို ၁၁၅-၁၁၂ နဲ့ အနိုင်ပေးခဲ့ပြီး ကျန်တစ်ဦးကတော့ ၁၁၄-၁၁၃ နဲ့ ကိတ်သာမန်ကို အနိုင်ပေးခဲ့ပါတယ်။

"ဒီပွဲက ပျော်စရာကောင်းခဲ့ပါတယ်။"လို့ ပက်ကွီအိုက ပွဲအပြီး ပြောပါတယ်။ "ကျနော့်ရဲ့ ပြိုင်ဘက်က ဖိုက်တာကောင်းတစ်ယောက်၊ လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ သူ သန်မာခဲ့ပါတယ်။"

ရှုံးပွဲကြုံတွေ့ခဲ့တဲ့ ကိတ်သာမန်အနေနဲ့ ပက်ကွီအိုနဲ့ပွဲမတိုင်မီမှာ ကစားသမားဘဝရှုံးပွဲလုံးဝမရှိအောင် ကစားထားနိုင်သူဖြစ်ပါတယ်။ ပက်ကွီအိုကတော့ နောက်ဆုံးထိုးသတ်ခဲ့တဲ့ (၁၁)ပွဲမှာ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက်မှာ (၆၂)ပွဲနိုင်၊ (၇)ပွဲရှုံး၊ ၂ ပွဲသရေ မှတ်တမ်း ရရှိထားသူဖြစ်ပါတယ်။

ပက်ကွီအိုအတွက် အခုပွဲစဉ်က (၇၁) ပွဲမြောက်ဖြစ်ပါတယ်။

"ကျနော့်ပြိုင်ဘက်အတွက် လက်ခုပ်တီးပါရစေ။ သူက အရမ်းခက်ခဲတဲ့ ပြိုင်ဘက်ပါ။ သူက တိုက်ခိုက်နိုင်တယ်။ ဒီလူက စစ်သည်တော်တစ်ယာက်ပါ။"လို့ ပက်ကွီအိုက ပြိုက်ဘက်ကို ချီးကျူးခဲ့ပါတယ်။

WBA ဟာ WBC၊ WBO နဲ့ IBF ချန်ပီယံတွေကို အသိအမှတ်ပြုပြီး ဝိတ်တန်းတစ်ခုမှာ ချန်ပီယံခါးပတ် (၂)ခုနဲ့အထက် ရရှိခဲ့သူကို စူပါချန်ပီယံအဖြစ် သတ်မှတ်ပါတယ်။

ဒီပွဲကနေ ခန့်မှန်းခြေ ဒေါ်လာသန်း (၂၀) ရရှိခဲ့တဲ့ ပက်ကွီအိုဟာ ကိတ်သာမန်ရဲ့ WBA ဝယ်လ်သာဝိတ် 'စူပါ'ချန်ပီယံခါးပတ်ကို ရယူခဲ့အပြီးမှာတော့ အခုဆိုရင် သူဟာ ဝယ်လ်သာဝိတ်တန်းမှာ အဓိကကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဝိတ်တန်း (၈)တန်းရဲ့ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ ပက်ကွီအိုက နောက်ထပ် ကြိုးဝိုင်းထဲမဝင်ခင် သူဟာ အထက်လွှတ်တော်အမတ်တစ်ဦးအနေနဲ့ သူ့ရဲ့ အလုပ်တွေ ပြန်လုပ်ဖို့ အခု ဖိလစ်ပိုင်ကို ပြန်သွားမယ်လို့ ပြောပါတယ်။

"ကျနော် လာမယ့်နှစ်မှာ ထိုးသတ်လိမ့်မယ်လို့ ထင်ပါတယ်။"လို့ ပွဲအပြီး မကြာခင်မှာပဲ လက်စ်ဗီးဂတ်စ်ကနေ ဖီလစ်ပိုင်းက ပြန်သွားခဲ့တဲ့ ပက်ကွီအိုက ပြောပါတယ်။ "ကျနော် အလုပ်လုပ်ဖို့ ဖိလစ်ပိုင်ကို ပြန်သွားပါလိမ့်မယ်။  ပြီးတော့မှ ဆုံးဖြတ်ချက်တစ်ခု ချပါလိမ့်မယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required