ဟောင်ကောင် မင်းသား ဆိုင်မွန်ရမ်း တရုတ်မှာ ဓားထိုးခံရ

ဟောင်ကောင် မင်းသား ဆိုင်မွန်ရမ်း တရုတ်မှာ ဓားထိုးခံရ

ဇူလိုင် ၂၁ ။         ။ ဟောင်ကောင် နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ ဆိုင်မွန်ရမ်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က တရုတ်တောင်ပိုင်းက ကုန်ပစ္စည်းအရောင်းမြှင့်တင်ရေးပွဲတစ်ခုမှာ စင်မြင့်ထက် တက်ရောက်စကားပြောနေစဉ် ဓားထိုးခံခဲ့ရပါတယ်။

အမျိုးသားတစ်ဦးက စင်ပေါ် ပြေးတက်လာပြီး ဟောင်ကောင်ဝါရင့် သရုပ်ဆောင်မင်းသားကို ဓားနဲ့ထိုးခုတ် တိုက်ခိုက်ခဲ့တာကို ပြည်တွင်း သတင်းမီဒီယာတစ်ခုမှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ တွေ့မြင်ခဲ့ရပါတယ်။

“ဒီ ဖြစ်ရပ်ကြောင့် ကျုပ်တို့လည်း တော်တော့်ကို တုန်လှုပ်မိခဲ့ပါတယ်” လို့ ဆိုင်မွန်ရမ်း ရဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီက ယင်းနေ့ ညနေခင်းက ထုတ်ပြန်သွားပါတယ်။

အသက် ၆၄ နှစ်ရှိ မင်းသား ဆိုင်မွန်ရမ်းဟာ ယင်းနေ့က ကွမ်တုံပြည်နယ် ကျောင်ရှန်းမြို့က အရောင်းမြှင့်တင်ပွဲ အခမ်းအနားတစ်ခုမှာ တက်ရောက်နေစဉ် ခုလို ဓားထိုးခံရတာဖြစ်ပါတယ်။

၎င်းဟာ အစာအိမ်မှာ ဓားဒဏ်ရာရသွားသလို ညာဘက် လက်မှာလည်း ပြတ်ရှဒဏ်ရာ ရသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ယင်းနောက် မင်းသား ဆိုင်မွန်ရမ်းဟာ ဒေသဆေးရုံတစ်ရုံမှာ တက်ရောက်ကုသမှု ခံယူခဲ့ပြီး ရရှိခဲ့တဲ့ ဓားဒဏ်ရာတွေကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့သိရပါတယ်။

၎င်းကို ဓားနဲ့ ထိုးခဲ့တဲ့ သံသယရှိ အမျိုးသားကိုတော့ ယင်း အခင်းနေရာမှာပဲ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးနေကြောင်း သိရပါတယ်။

မင်းသား ဆိုင်မွန် ရမ်းကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၃ ခုနှစ် နာမည်ကျော် Lara Croft: Tom Raider ဇာတ်ကားမှာ မူးယစ်ရာဇာအဖြစ် ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly