လျှပ်စစ်/စွမ်းအင်ဌာနကို အဂတိဖြင့် စုံစမ်းကာ ဝန်ကြီးနှင့် ဒုဝန်ကြီး၏ ငွေစာရင်းများကိုလည်း စစ်ဆေး

လျှပ်စစ်/စွမ်းအင်ဌာနကို အဂတိဖြင့် စုံစမ်းကာ ဝန်ကြီးနှင့် ဒုဝန်ကြီး၏ ငွေစာရင်းများကိုလည်း စစ်ဆေး

နေပြည်တော်(ဇူလိုင် ၂ဝရက်၊ ၂၀၁၉ခုနှစ်)။ ။ နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယခုလဆန်းပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး နောက်ဆက်တွဲအဖြစ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး အပါအဝင် ၎င်းတို့ ဇနီးများ၏ ငွေစာရင်းများကိုပါ စစ်ဆေးခဲ့ကြောင်း စုံစမ်း သိရှိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယခုလ ၄ရက်တွင် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း အဆိုပါ ဌာနနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ချို့က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

နောက်ဆက်တွဲအဖြစ် အဆိုပါ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးနှင့် ၎င်း၏ ဇနီး၊ ဒုတိယဝန်ကြီးနှင့် ၎င်း၏ ဇနီး စုစုပေါင်း လေးဦးတို့၏ ငွေစာရင်း အချက်အလက်များကို စိစစ်ပေးရန် ဇူလိုင်လ ၉ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အကြောင်းကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၁ဝရက်၊ ရက်စွဲဖြင့် နိုုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်/ဘဏ်ခွဲများကို လိပ်မူကာ အဆိုပါ လေးဦး၏ “ငွေစာရင်းအမှတ်နှင့် အချက်အလက်များ စိစစ်ပြန်ကြားပေးပါရန်” အကြောင်းကြားစာ ပေးပို့ခဲ့သည်။

မဇ္ဈိမက ဖတ်ရှုခွင့်ရခဲ့သည့် အဆိုပါ အကြောင်းကြားစာတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်လှလှမူ၊ ဒုတိယဝန်ကြီး ဦးထွန်းနိုင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းမော်တို့ လေးဦးနှင့် ပတ်သက်၍ “မိမိတို့ ဘဏ်များတွင် မြန်မာကျပ်ငွေ/နိုင်ငံခြားသုံးငွေများဖြင့် ငွေစာရင်း ဖွင့်လှစ်ထားရှိမှုများ ရှိ၊ မရှိ စိစစ်၍ ဖွင့်လှစ်ထားရှိပါက ၎င်းတို့၏ ငွေစာရင်းများမှ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲ ဆောင်ရွက်ချက်များအား ဆောလျင်စွာ စိစစ်ပြန်ကြားပေးရန်” ဟူ၍ ညွှန်ကြားထားသည်ကို တွေ့ရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အဖွဲ့ဝင်လည်းဖြစ်၊ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သူ ဦးဟန်ညွှန့်က “နည်းနည်းလေးတော့ သည်းခံစောင့်လိုက်။ ဥပဒေအရဆိုရင် လိုအပ်တဲ့အချိန်ကျမှ သတင်းစာရှင်းလင်းပွဲနဲ့ ထုတ်ပြီးတော့ ပြောတယ်။ မလိုအပ်တဲ့အချိန်မှာ ပြောလို့ မရဘူး” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် ၁၂ဦး ရှိပြီး အဆိုပါ အမှုကို မည်သူ ဦးဆောင်ပြီး စုံစမ်း၊ စစ်ဆေးနေသည်ကို မသိရှိကြောင်းနှင့် အကယ်၍ သိရှိပါကလည်း ထုတ်ပြောလို့ မရကြောင်း ဦးဟန်ညွှန့်က ရှင်းပြသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်ကလည်း အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး “မပြောနိုင်ဘူးဗျ၊ မပြောနိုင်ဘူးဆိုတာ သိလည်း မသိဘူး။ ကျွန်တော်နဲ့ သိပ်မပတ်သက်ဘူးဗျ” ဟု ဆိုသည်။

လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဖြစ်သူ ဦးဝင်းခိုင်သည် နှလုံးသွေးကြောချဲ့ကိရိယာ(Stent) တပ်ဆင်ထားရသဖြင့် ဆေးခွင့်ဖြင့် အနားယူနေသည်။

“(ဝန်ကြီးက)ခွင့်ယူထားတုန်းပဲ။ ဩဂုတ် ပထမပတ်လောက်မှာ ရုံးတက်မယ်။ အဲ့လောက်ပဲ ကျွန်တေ်ာတို့က သိတယ်။ ဟိုဟာတွေကတော့ သူ့ဟာသူ တစ်ခြားလမ်းကြောင်းကဆိုတော့ ကျွန်တော် မသိဘူး” ဟု ဦးဌေးအောင်က မဇ္ဈိမ၏ ဆက်သွယ်၊ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို မည်သည့် အမှုဖြင့် စုံစမ်း၊ စစ်ဆေးကာ ဝန်ကြီးနှင့် ဒုဝန်ကြီးတို့၏ ငွေစာရင်းများကိုလည်း စိစစ်ခိုင်းနေသည်ကိုမူ မဇ္ဈိမ အနေဖြင့် အသေးစိတ် မသိရှိရသေးပေ။

အတည်မပြုနိုင်သေးသည့် သတင်းတစ်ချို့အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် စက်မှုဝန်ကြီးဌာနကိုလည်း အလားတူ စုံစမ်း၊ စစ်ဆေးနေကြောင်း သိရသည်။

NLD အစိုးရ လက်ထက်အတွင်း ၂၀၁၈ခုနှစ်ကလည်း ထိုစဉ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုဖြင့် ကော်မရှင်က စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။ စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဦးကျော်ဝင်းက ဝန်ကြီးရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

သို့သော် ဦးကျော်ဝင်းတွင် အဂတိလိုက်စားကြောင်း ခိုင်လုံသည့် အထောက်အထား မတွေ့ရဟု ကော်မရှင်က ပြီးခဲ့သည့်နှစ် ဇွန်လ ၉ရက်၊ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

လက်ရှိတွင်လည်း တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ကာ ဖမ်းဆီး၊ စစ်ဆေးလျက် ရှိသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required