သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ အသင့်ပြင်ထား

သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ အသင့်ပြင်ထား

မန္တလေး၊ဇူလိုင်၁၉ ။         ။ မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နိုင်ရန်အတွက် သန္ဓေ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၁၆ ဦးဖြင့် တိုင်းဒေသကြီး အဆင့် အသင့်စုဖွဲ့ထားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံးမှ ဒုတိယ တိုင်းဦးစီးမှူး ဦးထက်အောင်က ပြောသည်။

"အခုချိန်ဟာမိုးဇလကနေပြီးတော့ မိုးလေဝသ အခြေအနေအရ ဧရာဝတီမြစ်ရေကြီးနိုင်တဲ့ အနေအထားရှိတယ်လို့ သတိပေးထုတ်ပြန်ထားတာကြောင့် ခရိုင်၊ မြို့နယ်တွေမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကို အသင့်အနေအထားပြုလုပ်ထားတာပါ။မြို့နယ်အလိုက်မှာ လည်း တပ်ဖွဲ့ဝင် ၃၅ ဦးစီလည်းဖွဲ့စည်းထားပါတယ်"ဟု ဦးထက်အောင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအနေဖြင့် လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်နေသည့် ကျေးရွာများကို သွားရောက်၍ သတိပေး လှုံ့ဆော်မှုများ ပြုလုပ်ခြင်းနှင့် ရွှေ့ပြောင်းရန်လိုအပ်သည့်နေအိမ်များကို ရွှေ့ပြောင်းပေးခြင်းများလည်း လုပ်ဆောင် နေကြောင်း သိရသည်။

"လိုအပ်ရင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကို ထပ်မံတိုးချဲ့သွားပါမယ်။အခုလတ်တလောမှာတော့ သပိတ်ကျင်း၊ တံတားဦး၊ အမရပူရ၊ တကောင်း၊ စဉ့်ကူး မြို့နယ်တွေဘက်မှာ ကယ်ဆယ်ရေးလုပ်ငန်းအတွက် တပ်စုတစ်စုသွားရောက်ကူညီပေးနေပါတယ်။မြို့နယ် ၂၈ မြို့နယ်က စခန်းတွေ ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ ညွန်ကြားထားပါတယ်"ဟု ဦးထက်အောင်ကပြောသည်။

အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဧရာဝတီမြစ် ဂေါဝိန်ဆိပ်ကမ်းတွင် ရှာဖွေကယ်ဆယ်ရေးစက်လှေတစ်စီး၊ မီးငြိှမ်း သတ်ယာဉ်တစ်စီးနှင့် ညောင်ကွဲရပ်ကွက်တို့တွင် ကယ်ဆယ်ရေးယာဉ်တစ်စီးထားရှိပေးထားကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ထုတ်ပြန်ချက်များအရ ဇူလိုင်လ၁၉ ရက် မွန်းလွဲ ၁၂ နာရီ၊၃ဝမိနစ်အချိန် တိုင်းတာချက်များအရ မန္တလေးဆိပ်ကမ်းမြစ်ရေ မှာ လက်ရှိတွင် ၁၂၅၀ စင်တီ မီတာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ မန္တလေးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၂၆၀ စင်တီမီတာဖြစ်သည့် အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရန် ၁ဝစင်တီမီတာသာ လိုတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly