တပ်မတော် ပြိုကွဲမှုဆိုသည့် သက်သေ၊ အပြန်အလှန်လေးစားမှုပျက်စီးစေသည့် သက်သေမရှိဟု စွပ်စွဲခံရသူ ပြော

တပ်မတော် ပြိုကွဲမှုဆိုသည့် သက်သေ၊ အပြန်အလှန်လေးစားမှုပျက်စီးစေသည့် သက်သေမရှိဟု စွပ်စွဲခံရသူ ပြော
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇူလိုင်လ ၁၈ ။        ။ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားထားသည့် စာသားများက တပ်မတော်၏ ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေသည့်အပြင် တပ်မတော်၏ တာဝန်ကိုပါ မလေးမစားပြုများဖြစ်လာနိုင်သည့်အတွက်ဆိုကာ တရားစွဲ ဆိုခံထားရသော ဒါရိုက်တာမင်းထင်ကိုကိုကြီးက တပ်မတော်ပြိုကွဲမှုဆိုသည့် သက်သေ၊ အပြန်အလှန် လေးစားမှုပျက်စီးစေသည့်ဆိုသော သက်သေများ မရှိဟု တရားခွင်မှအထွက်တွင် ပြောဆိုခဲ့သည်။

ယနေ့ ဇူလိုင် ၁၈ ရက်နေ့၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တရားရုံးတွင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် မြို့နယ်တရားသူကြီးက ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

" တကယ်တမ်းပြောရင် ၆၆(ဃ)နဲ့လည်း စွဲထားပြီးသားပေါ့နော်။ ဒီဟာကိုပဲ။ ပြီးတော့ ၅၀၅(က)။ ၅၀၅(က)နဲ့ ဒီမှာ စစ်တော့လည်း ၅၀၅(က)အရ ပေါ့နော် စွပ်စွဲခံရတဲ့ ကိုယ့်မှာ  တပ်မတော်ပြိုကွဲဖို့သော်လည်းကောင်း၊ တပ်မတော် အပြန်အလှန်ပေါ့နော်။ လေးစားမှု ပျက်ကွက်ဖို့ သော်လည်းကောင်း၊ အဲ့ဒီ ရည်ရွယ်ချက်တွေ မရှိဘူး။ အဲ့ဒီ ရည်ရွယ်ချက်တွေရှိပါတယ်ဆိုတဲ့ သက်သေမပြနိုင်ဘူး။ ပြီးတော့ကြတော့ တပ်မတော်လည်း မပြိုကွဲဘူး။ နောက်ပြီးတော့ တပ်မတော် အပြန်အလှန်လေးစားမှုလည်း မပျက်စီးဘူး။ တပ်မတော် ပြိုကွဲတယ်ဆိုတဲ့ သက်သေလည်း မရှိဘူး"ဟု စွပ်စွဲခံရသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက တရားခွင်မှအထွက်တွင် ပြောဆိုခဲ့သည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးကို ၎င်းလူမှုကွန်ရက်စာမျက်နှာ Facebook အကောင့်တွင် ရေးသားထားသည့် စာများမှာ တပ်မတော်၏ဂုဏ်သိက္ခာပိုင်းကို ထိခိုက်စေသည့်အပြင် တပ်မတော်၏ တာဝန်ကိုပါ မလေးမစား ပြုများဖြစ်လာနိုင်သည့်အတွက်ဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလို ပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

" သူတို့ လက်အောက်ခံ တိုင်းတပ်ဖွဲ့တွေက စွပ်စွဲခံရသူရဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီးတော့ အစာမကြေ၊ မကျေနပ် လို့ တင်ပြချက်အရ တရားစွဲဆိုခြင်းဖြစ်ပါတယ်လို့ သူက(ဒုတိယဗိုလ်မှူးကြီး လင်းထွန်း) ပြောတာပါ"ဟု စွပ်စွဲ ခံရသူ မင်းထင်ကိုကိုကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ယင်းအမှုအတွက် တပ်မတော်ဘက်မှ အရာရှိ ၅ ဦးကို တရားလိုပြသက်သေအဖြစ် တရားရုံးသို့ တင်သွင်း ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးပြီးစီးခဲ့ပြီဖြစ်သည့်အတွက် ဇူလိုင်လ ၁၈ ရက်နေ့တွင် စွပ်စွဲခံရသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို စွဲချက်တင်အမိန့်ချခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူ မင်းထင်ကိုကိုကြီးအနေဖြင့် ၎င်းတွင် အပြစ်မရှိကြောင်း တရားခွင်အတွင်း ငြင်းဆိုခဲ့သည့်အတွက် ပြန်ခေါ်သက်သေ ၂ ဦးကို စစ်ဆေးရန် ပြန်လည်ခေါ်ယူခဲ့ပြီး ဇူလိုင် ၁၈ ရက်နေ့တွင်ပင် ပြန်ခေါ်သက်သေ တစ်ဦး ဖြစ်သည့် တရားလိုဖြစ်သူ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းကို ပြန်လည် စစ်ဆေးခဲ့သည်။

ယင်းအမှုကို ဆက်လက်စစ်ဆေးရန်အတွက် အင်းစိန်မြို့နယ်တရားရုံးမှ လာမည့် သြဂုတ် ၁ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကာ ထိုနေ့တွင် ကျန်ရှိသည့် ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required