စင်ကာပူရခိုင်အသင်းခေါင်းဆောင်အချို့ဖမ်းဆီးခံရမှု အစိုးရက အထူးကြပ်မတ်ဆောင်ရွက်ပေးရန် ANP တောင်းဆို

စင်ကာပူရခိုင်အသင်းခေါင်းဆောင်အချို့ဖမ်းဆီးခံရမှု အစိုးရက အထူးကြပ်မတ်ဆောင်ရွက်ပေးရန် ANP တောင်းဆို

ရန်ကုန် ၊ ဇူလိုင် ၁၈ ။        ။ ရက္ခိုင့်တပ် AA နှင့်ဆက်စပ်ပြီး ငွေတုပြုလုပ်သူများဟု စွပ်စွဲကာ အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် စင်ကာပူ ရခိုင်အသင်းမှ တာဝန်ရှိသူအချို့နှင့်ပတ်သက်ပြီး အစိုးရက အထူးကြပ်မတ်ဆောင်ရွက်ပေးရန် ရခိုင်အမျိုးသားပါတီ ANP က တိုက်တွန်းပြောဆိုလိုက်သည်။

စင်ကာပူမှ ပြည်နှင်ဒဏ်ပေးပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ကိုတင်လှိုင်ဦး ၊ မအေးမြတ်မွန် နှင့် ၎င်းတို့အား လိုက်လံပို့ဆောင်ပေးသူ အငှားယာဉ်မောင်း ကိုမြတ်လင်းဦးတို့အား ပလွေးယာဉ်ရပ်နားကွင်းတွင် ဖမ်းဆီးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စင်ကာပူရခိုင်အသင်းခေါင်းဆောင်အချို့အား ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ အချိန်နှင့်တပြေးညီ သတင်းမှန်ထုတ်ပြန်ပေးရန် ANP က တောင်းဆိုထားသည်။

၎င်းတို့အား ဖမ်းဆီးထားသည့်ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ အစိုးရဘက်မှ အတိအကျ ထုတ်ပြန်ထားခြင်းမရှိသလို ရဲတပ်ဖွဲ့မှ မိသားစုဝင်များအား အဆက်အသွယ်လုပ်ခြင်း မရှိသေးပေ။

ယင်းကိစ္စကြောင့် ဖမ်းဆီးခံရသူ မိသားစုဝင်များက ရခိုင်အမျိုးသားပါတီကို ဆက်သွယ်အကူအညီ တောင်းခံ ခဲ့ခြင်းကြောင့် နှုတ်အားဖြင့်လည်းကောင်း စာအားဖြင့်လည်းကောင်း တင်ပြထားသည်ဟု  ရခိုင်အမျိုးသား ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဆိုသည်။

 “သံသယနဲ့ ဖမ်းလိုက်ပြီး ဆိုတာနဲ့ အမှန်တကယ် ဥပဒေနဲ့အညီ အရေးယူပေါ့။ ရမန်ယူပေါ့။ အချုပ်ခန်းထဲမှာ အချုပ်သားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ထားပေါ့။ သက်ဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းရင် တရားစွဲတင်ပေါ့။ အခုက အချုပ်ခန်းထဲလည်း မရောက် ၊ ရုံးတော်လည်းမရောက် သေသွားရင်လည်း အလောင်းတောင်မတွေ့ရတဲ့ သောကကို ဘာနဲ့ နှိုင်းပြရမလဲ” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

အစိုးရမှ ဖမ်းဆီးထားသည့်သူများသည် စင်ကာပူနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံက အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေးကူညီခြင်းကြောင့် စင်ကာပူနိုင်ငံ၏ လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ယူဆကြောင်း ၊ ယင်းအတွက်ကြောင့် လုံခြုံရေးကို ထိပါးစေမည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်ပါဝင်သူများ အား နေထိုင်ခွင့်ရုပ်သိမ်းပြီး မူလနေရင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း စင်ကာပူပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required