ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ရွေးကောက်ပွဲကတိ ကျေပွန်ချင်ရုံ ဟန်ပြသက်သက်လား

ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ရွေးကောက်ပွဲကတိ ကျေပွန်ချင်ရုံ ဟန်ပြသက်သက်လား
Photo - EPA

ရန်ကုန် ၊ ဇူလိုင် ၁၈ ။           ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်သင့်တဲ့ အချက်ပေါင်း ၃၇၆၅ ချက်ကို လွှတ်တော်တွင်းက နိုင်ငံရေးပါတီတွေ ၊

တစ်သီးပုဂ္ဂလိကကိုယ်စားလှယ်တွေက အကြံပြု တင်ပြ ခဲ့ပြီးဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်တွေဟာ တကယ်တမ်း အလုပ်ဖြစ်ပါ့မလား၊ ဒါတွေကို ဒီအစိုးရသက်တမ်း ကာလ အတွင်းမှာ ပြင်ဆင်နိုင်မလား ၊ အာဏာရပါတီရဲ့ ရွေးကောက်ပွဲကတိကဝတ် ကျေပွန်ရုံ သက်သက် လုပ်ဆောင်တာလား ဆိုတဲ့ မေးခွန်းတွေဟာ ဖြေဆိုရမယ့်အနေအထားဖြစ်နေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အကြံပြုချက်အများဆုံး တင်သွင်းခဲ့တဲ့ ပါတီတွေဟာ တိုင်းရင်း သားပါတီ တွေက အများဆုံး ဖြစ်နေတာပါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အကြံပြုချက် ၁၁၀၀ ကျော် ၊ ရခိုင်အမျိုးသားပါတီက အချက်ပေါင်း ၈၅၀ ကျော် ၊ မွန်အမျိုးသားပါတီက အချက်ပေါင်း ၆၀၀ ကျော် တင်သွင်းခဲ့သလို NLD ပါတီကနေ နုတ်ထွက်ပြီး ပါတီသစ်ထူထောင်ထားတဲ့ မအူပင် အမတ်ရဲ့ အမျိုး သားညီညွတ်သော ဒီမိုကရက်တစ်ပါတီက အချက်ပေါင်း ၄၆၀ ကျော်ကို ပြင်ဆင်ဖို့ အဆိုပြုထားကြပါတယ်။

ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ ရွေးကောက်ပွဲကြွေးကြော်သံနဲ့ အာဏာရလာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ အချက်ပေါင်း ၁၁၄ ချက် ပြင်ဆင်ဖို့ ဆန္ဒပြုခဲ့ပါတယ်။ NLD ရဲ့ အဓိက အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးပါတီကတော့ အချက် ၁၀ ချက်ကို ပြင်ဆင်မယ်လို့ တင်သွင်းခဲ့ပါတယ်။

“ကျွန်တော်တို့က အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးတာပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တစ်ခါတည်း ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့ လုံးဝပြည့်စုံတဲ့ အခြေခံဥပဒေမျိုးဖြစ်အောင် ပြောင်းလိုက်မယ်ဆိုရင် တပ်မတော်အနေနဲ့ လိုက်ပါနိုင်ဖို့ ခဲယဉ်းပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးမူအရ တစ်ဆင့်ပြီး တစ်ဆင့် သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လတ်တလော ပြင်ဆင်ဖို့ လိုအပ်တဲ့ အချက်ပေါင်း ၁၀၀ ကျော်ကိုပဲ တင်ပြထားတာပါ” လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိတဲ့ ဒေါက်တာမျိုးညွန့်က မှတ်ချက်ပေးထားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြင်ဆင်အကြံပြုချက်အများဆုံးတင်ပြထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သူ စိုင်းကျော်ညွန့်က “၂၀၀၈ က ဖက်ဒရယ် မဟုတ်ပါဘူး။ ဖက်ဒရယ် အယောင်ဆောင် ထားတဲ့ ဖွဲ့စည်းပုံပဲဖြစ်တယ်။ ပုံသဏ္ဍာန်မှန်အောင် ပြင်တာတောင် တော်တော် ပြင်ရခက်ပါတယ်။ ပိုကောင်းတာက အသစ်ရေးတာ ပိုကောင်းတယ်” လို့ မဇ္စျိမကို ပြောပါတယ်။

တိုင်းရင်းသားပါတီတွေ တင်ပြတဲ့အချက်မှာ တူညီတာက ဥပဒေပြုရေးမှာ ပါဝင်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အပြီးတိုင်ဖယ်ရှားရေးက တူညီနေပါတယ်။ ဥပဒေပြုရေးကိစ္စမှာ တပ်မတော်က ဝင်ရောက်နေတာကို မူအားဖြင့် လက်မခံနိုင်ဘူးလို့ ရခိုင်အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက မဇ္စျိမကို မှတ်ချက်ပေးထားပါတယ်။

“လွှတ်တော်ထဲမှာ တပ်မတော်သားတွေရှိနေတာ ဒီမိုကရေစီစံနှုန်းအရ မသင့်တော်ဘူးထင်လို့ မူအားဖြင့် လက်မခံနိုင်လို့ ပြောတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပြောတာဟာ လက်တွေ့မှာတော့ ဖြစ်နိုင်ဖို့ အလားအလာ မရှိပါဘူး။ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒကိုဖော်ထုတ်တာဖြစ်ပါတယ်” လို့  မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုပါတယ်။

လွှတ်တော်အတွင်းက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုနဲ့ ပတ်သက်ပြီး  အာဏာရ ပါတီ NLD ကတော့ အဆင့် ၃ ဆင့်နဲ့ တဖြည်းဖြည်းလျော့ချဖို့ အဆိုပြုခဲ့သလို ကာကွယ်ရေးဦးစီးချုပ် က လက်နက်ကိုင် အဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်ဆိုတဲ့ လုပ်ပိုင်ခွင့်ကို လျော့ချတဲ့ အချက်ကို ဆန္ဒပြုထား ပါတယ်။

လက်ရှိအစိုးရသက်တမ်းကာလအတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ဆိုတာဟာ ခက်ခဲမှုတွေရှိနေနိုင်ပြီး ရွေးကောက်ပွဲကတိကဝတ်ကျေချင်ရုံနဲ့ ဆောင်ရွက်တဲ့ကိစ္စဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ကျွန်တော်တို့ ပြင်လို့ ရမယ်လို့ ယုံကြည်လို့ ပြင်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ဘယ်တော့မှ ရပ်တည်နေတဲ့ ဥပဒေမျိုး မဟုတ်ပါဘူး။ အမြဲတမ်းပြင်လို့ရနေတာပါ၊ အဲ့တော့ ပြင်ဆင်ရေးလုပ်ငန်းတွေဟာ တစ်ဆင့်ပြီး တစ်ဆင့် လုပ်မယ်။ စိတ်တိုင်းကျ ပြင်ပြီးရင်လည်း ခေတ်ကာလ အခြေအနေပြောင်းလာတာနဲ့အမျှ ဒီလိုပဲ ပြန်ပြင် ရတာပါပဲ” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် အင်အားကြီးပါတီတစ်ခုလည်း ဖြစ်သလို ပြည်နယ်လွှတ်တော်မှာလည်း နေရာအများစု အနိုင်ရထားတဲ့ ပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက အမတ်တစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ အာဏာရ အစိုးရနဲ့ တပ်မတော်ကြားမှာ ညှိနှိုင်းမှုရှိမှသာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အဆင်ပြေမယ်လို့ ဆိုပါတယ်။

“မညှိနှိုင်းဘဲ သွားမယ်ဆိုရင် ရေပေါ်မှာအရုပ်ရေးသလိုပေါ့ ခရီးရောက်မှာမဟုတ်ဘူးလို့ မြင်တယ်” လို့ ဦးဖေသန်းက ပြောပါတယ်။

လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက အခြေခံဥပဒေ ပုဒ်မ ၄၃၆ အတိုင်း ပြင်ဆင်ရမှာဖြစ်ပြီး ဒီပုဒ်မရဲ့ ဆိုလိုချက်အရ တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း ကျော်မှသာ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

“လက်ရှိတော့ ဒီကာလအတွင်းပြီးမယ်လို့မမြင်ဘူး။ ပုဒ်မ ၄၃၆ အတိုင်းသွားမယ်ဆိုတော့ကာ  ဒီဟာကို  ကျော်လွန်နိုင်မယ့် နည်းလမ်းကိုမရှာနိုင်သေးရင်တော့ ဖြစ်လာနိုင်ချေမရှိသေးပါဘူး” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သူ စိုင်းကျော်ညွန့် က ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အခက်အခဲကို ပြောပါတယ်။

NLD ပါတီရဲ့ အဆိုပြုချက်ထဲမှာ ပုဒ်မ ၄၃၆ အတိုင်းပြင်ဆင်ဖို့အစား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေမပါဘဲ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံ ၆၇ ရာခိုင်နှုန်းက ထောက်ခံမဲပေးရန် ပြင်ဆင်နိုင်တယ်လို့ ပါရှိပါတယ်။

ဒါပေမယ့်လည်း ဒီအဆိုပြုချက်ဟာ ၄၃၆ ကို ကျော်လွန်ဖို့  ဖြစ်နိုင်ချေရှိလာနေပါတယ်။ လက်ရှိ ပြည်ထောင်စု လွှတ်တော်မှာ NLD ပါတီ ကိုယ်စားလှယ်က ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် က ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် က  ၅ ရာခိုင်နှုန်း ရှိနေပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ဖို့အတွက် အဖွဲ့အစည်းအသီးသီးက ခြေဥပြင်ဆင်ရေးအပေါ် စိတ်ဆန္ဒ ရှိဖို့ လိုတယ်လို့ SNLD က စိုင်းကျော်ညွန့်က ဆိုပါတယ်။

“စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လောက်တည်ဆောက်ချင်လဲ ဆိုတဲ့ အဖွဲ့အစည်း အားလုံးရဲ့ စိတ်ဆန္ဒတွေအပေါ်မှာ မူတည်ပါတယ် ။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ပါးစပ်ကနေ ပြောနေလို့ မရပါဘူး”လို့ သူက ဆက်ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဟာ အာဏာရ NLD ပါတီရဲ့ ရွေးကောက်ပွဲကတိတွေထဲက တစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာတော့ အစိုးရသက်တမ်းကာလဟာ တစ်နှစ်ကျော်မျှသာ ကျန်ရှိပါတော့တယ်။ ဒီကာလ အတွင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ ဘယ်လောက်အတိုင်းအတာအထိ ခရီးရောက်မလဲ။ ဒါမှမဟုတ် ရွေးကောက်ပွဲကတိ ကျေပွန်ချင်ရုံ ဟန်ပြသက်သက်လား ဆိုတာကတော့ အစိုးရရဲ့ လက်ကျန် သက်တမ်း အတွင်း ဆက်လက်စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly