အသင်းမှာ မပျော်ရင် ထွက်သွားနိုင်တယ်လို့ ဆာနေးကို ဂွာဒီယိုလာ သတိပေး

အသင်းမှာ မပျော်ရင် ထွက်သွားနိုင်တယ်လို့ ဆာနေးကို ဂွာဒီယိုလာ သတိပေး
Photos: AFP & Man City

နည်းပြ ဂွာဒီယိုလာက မန်ချက်စတာစီးတီးအသင်းမှာ ပျော်ရွှင်နေတဲ့ ကစားသမားတွေကိုပဲ ထိန်းသိမ်းထားဖို့ အလိုရှိတယ်လို့ ပြောဆိုလိုက်ပြီး ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လီရွိုင်ဆာနေးကို ဗုဒ္ဓဟူးနေ့က သတိပေးခဲ့ပါတယ်။

မနေ့က တရုတ်နိုင်ငံ၊ နန်ကျင်းမြို့မှာ ကစားခဲ့တဲ့ ရာသီကြိုအာရှခရီးစဉ်ပွဲစဉ်မှာ မန်စီးတီးက ဝက်စ်ဟမ်းကို (၄-၁)နဲ့ အနိုင်ရရှိခဲ့ပြီး ဆာနေးက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် ဆာနေးဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေပြီး အသင်းက သူ့ကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ဂွာဒီယိုလာကတော့ ဂျာမန်လက်ရွေးစင်ကစားသမားရဲ့ အနာဂတ်အပေါ် သံသယတွေဖြစ်နေပါတယ်။

"ဒီနေရာမှာ (စီးတီး) ပျော်ရွှင်နေတဲ့ ကစားသမားတွေကိုပဲ ကျနော်တို့ အလိုရှိပါတယ်။ သူ့အနေနဲ့ ဆက်နေလိုမယ်ဆိုရင် ကျနော်တို့က ပိုပြီးတော့တောင် ဝမ်းသာပါလိမ့်မယ်။ ကျနော်တို့ သူ့ကို ကူညီသွားမှာဖြစ်သလို လူတိုင်းကလည်း သူ့ကို ကူညီသွားမှာပါ။"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"ကျနော်တို့ သူ့ရဲ့ အလားအလာ၊ သူ့ရဲ့ အဆင့်အတန်းကို သိပါတယ်။ သူဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ။

"ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ကျနော် ဒီနေရာမှာ အစပိုင်းကစလို့ ကလပ်အသင်းကို ၁၀ ကြိမ်လောက်ပြောခဲ့ပါတယ်။ အဲဒါက ဒီနေရာမှာ ပျော်ရွှင်နေတဲ့ ကစားသမားတွေ နေစေလိုပါတယ်။ သူတို့ မနေချင်ဘူးဆိုရင်တော့ ထွက်သွားနိုင်ပါတယ်။

"ဒါပေမယ့် သူသာ ဆန္ဒရှိမယ်ဆိုရင် ဒီမှာ ကျနော်တို့နဲ့ အမြဲတမ်းအတူတူရှိနေနိုင်မှာပါ။"

ပြီးခဲ့တဲ့ဘောလုံးရာသီက ရာသီဝက်နောက်ပိုင်း အသင်းမှာ ကစားခွင့်နည်းပါးခဲ့တဲ့ တောင်ပံကစားသမား ဆာနေးက မပျော်မရွှင်ဖြစ်နေပြီး သူ့ကို ဂျာမန်ချန်ပီယံ ဘိုင်ယန်က ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

© Agence France-Presse

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly