NCA လက်မှတ် ရေးထိုးနိုင်မည့် အခင်းအကျင်းမျိုး မရှိသေးဟု KNPP ပြော

NCA လက်မှတ် ရေးထိုးနိုင်မည့် အခင်းအကျင်းမျိုး မရှိသေးဟု KNPP ပြော

နေပြည်တော်(ဇူလိုင် ၁၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ လက်ရှိ မြေပြင် အခြေအနေအရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးနိုင်သည့် အခင်းအကျင်းမျိုး ရှိမနေသေးကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားလိုက်သည်။

“အခုက NCA လက်မှတ်ရေးထိုးနိုင်ဖို့က NCA အကောင်အထည်ဖော်မှုက တစ်ကဏ္ဍ၊  ပြီးတော့ ကျွန်တော်တို့ မြေပြင်မှာဖြစ်နေတဲ့ အခြေအနေကလည်း တစ်မျိုး။ အဲ့တာတွေက ဒီအခြေအနက ဘယ်လိုပြောရမလဲ NCA ကို လက်မှတ်ရေးထိုးစေနိုင်မယ့် အခင်းအကျင်းမျိုး မဖြစ်သေးဘူး။ ဖြစ်နေတာက အဲ့ခံစားချက်၊ အဲ့ပြသနာက KNPP တစ်ဖွဲ့တည်းလည်း မဟုတ်ဘူး။ မထိုးရသေးတဲ့ အဖွဲ့တွေကလည်း အဲ့ဒီလို အနေအထားမျိုး ရှိတယ်လို့ ကျွန်တော်တို့ အဲ့လိုယူဆတယ်” ဟု နဲနယ်ဖလိုးက ပြောည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)တွင် ဇူလိုင် ၁ရရက်က ကျင်းပပြုလုပ်သည့် NRPC နှင့် KNPP တို့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် မီဒီယာများကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရဘက်ကမူ ယခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း NCA လက်မှတ် ရေးထိုးနိုင်ရန် ယနေ့ အစည်းအဝေးတွင် KNPP ဘက်ကို အဆိုပြုထားသည်။

“စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလ သူတို့ NCA နှစ်ပတ်လည် ကာလလိုမျိုးမှာ KNPP အနေနဲ့ NCA လက်မှတ်ထိုးနိုင်ဖို့ အတွက် သူတို့(အစိုးရ)တော့ အဲ့လို မျှော်လင့်ချက်ရှိတယ်။ သူတို့ အဲ့လို အဆိုပြုထားတာရှိတယ်” ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဆွေးနွေးပွဲအပြီးတွင် ပြောကြားသည်။

KNPP အနေဖြင့် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် ရှစ်နှစ်ကာလအတွင်း ပဋိပက္ခများ မရှိကြောင်း၊ အစိုးရနှင့် တပ်မတော်ဘက်ကလည်း ယုံကြည်မှု ရှိသည့်အတွက် တစ်လတစ်ကြိမ် ပြုလုပ်သည့် ပြည်နယ်အဆင့် အစည်းအဝေးများတွင်လည်း တပ်မတော်ဘက်မှ အရာရှိများကိုယ်တိုင် တက်ရောက်နေကြောင်းလည်း ဦးလှမောင်ရွှေက ပြောသည်။

“လက်မှတ်မထိုးနိုင်သေးတာကတော့  ဒီဒေသကတော့ ကျွန်တော်တို့ ရမြို့နယ်ပဲရှိတယ်။ အဲ့တော့ အောက်ခြေမှာ ရှိတဲ့ ဒေသမှာဖြစ်တဲ့ ပြသနာလေးတွေက သူတို့ကိုလည်း အနည်းနဲ့ အများ ရိုက်ခတ်တာမျိုးတွေလည်း ရှိနေတယ်ပေါ့” ဟု ၎င်းက ဆိုသည်။

အစိုးရ၏ အဆိုပြုချက်အပေါ် KNPP အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ဗဟိုကော်မတီထံ ပြန်လည်တင်ပြ ဆွေးနွေးသွားမည် ဖြစ်သည်။

“ယုံကြည်မှုတွေ ခိုင်ခိုင်မာမာ ရှိတဲ့ အခါကျလို့ရှိရင် NCA လက်မှတ် ရေးထိုးနိုင်ဖို့ အခင်းအကျင်းက ပိုပြီးတော့ ပေါ်လာမယ်လို့ ကျွန်တော် မြင်တယ်” ဟု နဲနယ်ဖလိုးက ပြောသည်။

KNPP သည် ယခင်အစိုးရလက်မှတ်မှ စတင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်ခဲ့သည့် အဖွဲ့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required