အမေရိကန်အနေဖြင့် ရခိုင်မြောက်ပိုင်း၏သမိုင်းကြောင်းကို သိရန်လိုဟု တပ်မတော်ဘက်မှပြော

အမေရိကန်အနေဖြင့် ရခိုင်မြောက်ပိုင်း၏သမိုင်းကြောင်းကို သိရန်လိုဟု တပ်မတော်ဘက်မှပြော
Photo- AFP

ရန်ကုန်၊ ဇူလိုင် ၁၇  ။           ။ တပ်ချုပ်၊ ဒုတပ်ချုပ်အပါအဝင် တပ်မတော်ထိပ်ပိုင်းအရာရှိများကို ပြည်ဝင်ခွင့် ပိတ်လိုက်ပြီးနောက် အမေရိကန်အနေဖြင့် ရခိုင်မြောက်ပိုင်း၏သမိုင်းကြောင်းကို သိရန် လိုအပ်သည်ဟု တပ်မတော်ဘက်မှ ပြောဆိုလိုက်သည်။

“ ပထမဦးဆုံးက ရခိုင်ပြည်နယ်မြောက်ပိုင်းက သမိုင်းကြောင်းကို သိဖို့လိုပါတယ်။ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက အဲ့ဒီမှာ ရှိနေတဲ့ တိုင်းရင်းသားတွေကလည်း စတင်ခဲ့တာ မဟုတ်ဘူး။ အဲဒီမှာ ရှိနေခဲ့တဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကလည်း စတင်ခဲ့တာမဟုတ်ဘူး”ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၁၇ ခုနှစ်အတွင်းက နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဟုဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ်သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်တို့နှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန်လာရောက်ခွင့်( ပြည်ဝင်ခွင့်) ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အရေးတွင် ၂၀၁၇ ခုနှစ်က ဘင်္ဂါလီ ၇၄၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးစေခဲ့သည့် ဖြစ်စဉ်တွင် တပ်မတော် ပါဝင်ပတ်သက်ခဲ့သည်ဟုဆိုကာ ခုလို အရေးယူခြင်းဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်က ထုတ်ပြန်သည့် အမေရိကန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းဆန်ရှင်သည် တပ်မတော်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မည်သို့သက်ရောက်မှု ရှိလာနိုင်ကြောင်း မေးမြန်းခဲ့ရာ “သက်ရောက်မှုရှိ၊ မရှိတော့ ကျွန်တော်တို့ အငြင်းမပွားလိုဘူး။ ကျွန်တော်တို့တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေတာဖြစ်တယ်။ အဲဒီလိုမျိုး လုပ်ဆောင်ချက်မျိုးက တပ်မတော်အနေနဲ့ နိုင်ငံတကာအဆင့်မီတပ်မတော်တည်ဆောက်နေတဲ့အချိန် အဲဒီလိုမျိုးလုပ်ဆောင်မှုကတော့ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာပိုင်းကိုတော့ ထိခိုက်စေတယ်ဗျ”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် အမေရိကန်နှင့် ထူးထူးခြားခြားဆက်သွယ်မှုမျိုး ရှိမနေဘဲ စစ်သံမှူး အချင်းချင်းသာ ဆက်သွယ်မှုရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

လူအခွင့်အရေး ချိုးဖောက်မှုများရှိသည်ဟု ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် အလေးထားပြီး ကော်မတီများဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ အဆင့်ဆင့်ပြုလုပ်ခဲ့ပြီးတွေ့ရှိချက်များကိုလည်း ပြန်လည်မျှဝေပေးခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly