၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောင်နှင့်ချီသည့်လူများ ထောက်ခံကြိုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောင်နှင့်ချီသည့်လူများ ထောက်ခံကြိုဆို
Photo - EPA-EFE/LYNN BO BO

ရန်ကုန်၊ ဇူလိုင်လ ၁၇ ။       ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံသည့် ထောင်နှင့်ချီသည့် လူများက ရန်ကုန်မြို့၊ မဟာန္ဓုလပန်းခြံဘေးမှ ယာဉ်ရပ်နားဝင်းတွင် စုဝေးကာ ကြွေးကြော်သံများနှင့်အတူ ထောက်ခံကြိုဆိုပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် ၉ နာရီမှ  နံနက် ၁၁ နာရီအထိ ထိုသို့ စုဝေးပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီမှ ပြည်ထောင်စုလွှတ်တော်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် တင်သွင်းလိုက်သည့် အပြီးသတ်အစီရင်ခံစာကို ထောက်ခံသည့်အနေဖြင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူများက ပူးပေါင်းပြီး ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ခံကြိုဆိုပွဲတွင် စာရေးဆရာများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာပုံနှင့် လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရန် လုပ်ဆောင်နေမှုအခြေအနေများအကြောင်းကို ဟောပြောခဲ့ကြသည်။

" ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်က ၇၅ ရာခိုင်နှုန်းပဲ ရှိတယ်။ တပ်မတော်က ၂၅ ရာခိုင် နှုန်း ရှိတယ်။ ၇၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေဟာ အားလုံးသဘောတူစွာနဲ့ ပြင်ချင်တာတောင်မှ ၂၅ ရာခိုင်နှုန်းသော အနည်းစု တပ်မတော်ကနေ မပြင်ချင်ရင် ပြင်လို့မရဘူး။ အဲ့ဒါ တရားမျှတမှုလို့ ခေါ်သလား၊ ဒီဥစ္စာကို ကြည့်ရင် ဒီမိုကရေစီ အနိုင်ကျင့်တာမဟုတ်ဘူး။ စာအုပ်အစိမ်းကြီးနဲ့ ကျွန်တော်တို့ကို အနိုင် ကျင့်ထားတာ။ နောက်တစ်နည်းပြောမယ်။ တပ်မတော်နဲ့ ပြည်သူကို သွေးခွဲထားတာ။ အဲ့ဒီတော့ ကျွန်တော်က ဒီက ပြောချင်တယ်။ တပ်မတော်ကြီးကို ကြည်ညိုချင်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးပါ"ဟု စာရေးဆရာ ဒေါင်းမာန်ဟုန်က  ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံကြိုဆိုသူများကို ဟောပြောခဲ့သည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၄၅ ဦးပူးပေါင်းကော်မတီကို လွှတ်တော်က ဆုံးဖြတ် ထားခြင်းကြောင့် တပ်မတော်သားအစုအဖွဲ့ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြ သော်လည်း အဆိုပြုချက် တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပေးခြင်းမရှိသည့်အပြင် ပူးပေါင်းကော်မတီ၏ အစီရင်ခံစာဆိုင်ရာ လုပ်ငန်းစဉ်များမှာ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိဟု ဆိုပြီး  တပ်မတော်ကိုယ်စားလှယ်များက ထုတ်ပြန်ခဲ့သည်။

" အခြေခံဥပဒေကြီးတစ်ခုလုံး ပြင်လိုက်မှသာလျှင် ကျွန်တော်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကြီးဟာ ဗိုလ်ချုပ်ပြောခဲ့ သလို သန့်ရှင်းစင်ကြယ်သော နိုင်ငံရေးကြီးဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်"ဟု စာရေးဆရာ နေမျိုးအေးက ပြောသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လုပ်ဆောင်နေမှုကို ယခုကဲ့သို့ လူထုအားဖြင့် ထောက်ခံမှုများရှိနေသကဲ့သို့ တစ်ဖက်တွင်လည်း အင်နှင့်အားနှင့် ကန့်ကွက်မှုများရှိနေသည်။

၄၅ ဦး ပူးပေါင်း ကော်မတီက လက်ရှိအခြေအနေတွင် ဖွဲစည်းပုံအခြေခံဥပဒေအား ပယ်ဖျက်ရန်၊  ဖြည့်စွက်ရန် နှင့် အသစ်ပြဋ္ဌာန်းရန် အချက်ပေါင်း ၃၇၆၅ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required