မက်ဆီဟာ ကျနော့်အတွက် နံပါတ်တစ်ကစားသမားပါလို့ ဘာကာ ကစားသမားသစ် ဂရစ်ဇ်မန်း ပြော

မက်ဆီဟာ ကျနော့်အတွက် နံပါတ်တစ်ကစားသမားပါလို့ ဘာကာ ကစားသမားသစ် ဂရစ်ဇ်မန်း ပြော
Photos: EPA

ဘာစီလိုနာရဲ့ နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ် ဂရစ်ဇ်မန်းက မက်ဆီဟာ သူ့အတွက် ဘောလုံးလောကရဲ့ ပုံရိပ်ဖြစ်သလို နံပါတ်တစ်လည်းဖြစ်ပြီး နူးကမ့်မှာ အာဂျင်တီးနားကြယ်ပွင့်နဲ့အတူ တွဲကစားရမှာ မစောင့်နိုင်တော့ဘူးလို့ ပြောဆိုသွားပါတယ်။

ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ ပေးပြီး ခေါ်ယူခဲ့ပြီးနောက် တနင်္ဂနွေညက ကစားသမားကို မိတ်ဆက်ခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ တနင်္လာနေ့က ဘာစီလိုနာအသင်းဖော်သစ်တွေနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းစဆင်းခဲ့တယ်လို့ သိရပါတယ်။

"ကျနော့်ရဲ့ ပရိသတ်သစ်တွေ ရှေ့မှာ ကစားပေးဖို့ မစောင့်နိုင်တော့ပါဘူး။ ကျနော်က ကွင်းထဲမှာ တစ်စုံတစ်ရာအတွက် အရာအားလုံး ပေးဆပ်သူဖြစ်တယ်ဆိုတာ ခင်ဗျာ သိပါတယ်။"လို့ ဂရစ်ဇ်မန်းက ပြောပါတယ်။

မက်ဆီပေါ် သူ့ရဲ့ ထင်မြင်ချက်နဲ့ ပတ်သက်ပြီး "မက်ဆီက ကျနော့်အတွက် နံပါတ်တစ်ပါ။ သူဟာ ဘတ်စကက်မှာ လီဘရွန်း(ဂျိမ်းစ်)လို လူပါပဲ။ သူတို့ဟာ အမှတ်တံဆိပ်တွေပါ။ ဥပမာ လီဘရွန်းဟာ NBA ဘတ်စကက်ရဲ့ ပုံရိပ်ဖြစ်တယ်။ ဆိုတော့ မက်ဆီဟာ ကျနော့်အတွက် ဘောလုံးလောကရဲ့ ပုံရိပ်ပါပဲ။

သူဟာ တခြားသူတွေထဲကနေ ကွဲထွက်ပြီး အရာတစ်ခုခုရှိတာကြောင့်ပါ။ နှစ် ၃၀ ဒါမှမဟုတ် အဲဒီထက်ကျော်ပြီး  ကျနော့်တို့ မြင်ရမယ့် အရာတစ်ခုသာဖြစ်လို့ပါ။"လို့ ပြောဆိုသွားပါတယ်။

ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းကို ၂၀၁၄ ခုနှစ်က ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့ပြီး (၂၅၇)ပွဲ ကစားခဲ့ကာ (၁၃၃) ဂိုးသွင်းယူထားနိုင်ပါတယ်။ သူဟာ အက်သလက်တီကိုနဲ့အတူ ၂၀၁၇-၁၈ ဘောလုံးရာသီက ယူရိုပါလိဂ်ဖလားကို ရရှိခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်စနေနေ့မှာ ဂျပန်နိုင်ငံကို ထွက်ခွာပြီး ဇူလိုင် ၂၃ ရက်မှာ ချယ်လ်ဆီအသင်းနဲ့ ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly