ဘောလုံးကစားသမားဘဝမှ အနားယူပြီး နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပြောင်းလဲသွားမယ့် ကာဆီးလက်စ်

ဘောလုံးကစားသမားဘဝမှ အနားယူပြီး နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပြောင်းလဲသွားမယ့် ကာဆီးလက်စ်
Photo: EPA

ပေါ်တိုအသင်းရဲ့ ဂိုးသမား ကာဆီးလက်စ်က သူဟာ ဘောလုံးကစားသမားဘဝမှ အနားယူပြီး အသင်းမှာ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ပြောင်းလဲဆောင်ရွက်သွားမယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ကာဆီးလက်စ်ဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းနဲ့ လေ့ကျင့်မှုပြုလုပ်နေစဉ် နှလုံးရောဂါထိုးနှက်မှုကြောင့် ဆေးရုတက်ကုသခဲ့ရပြီးနောက် (၃)လနီးပါးအကြာမှာ စပိန်အသင်းနဲ့ ရီးယဲလ်အသင်း ဂိုးသမားဟောင်းက အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

"များသောအားဖြင့် ကွင်းထဲမှာ ရှိနေနိုင်အောင် ကျနော်လုပ်ဆောင်ခဲ့တာထက် မတူညီတဲ့ တစ်ခုခုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။"လို့ အသက် (၃၈)နှစ်အရွယ် ဂိုးသမားက ပြောပါတယ်။

"ကစားသမားတွေနဲ့ ကလပ်အသင်းရဲ့ ကြားက ပေါင်းကူးအဆက်အသွယ်ဖြစ်အောင် ကျနော် ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ ရာသီက နည်းပြနဲ့ ကျနော် စကားပြောဖြစ်ခဲ့ပါတယ်။ သူက အသင်းမှာ ကစားသမားတွေနဲ့ နီးနီးကပ်ကပ်ရယ်၊ လူငယ်ကစားသမားလေးတွေ အနားမှာရယ် ဆက်ရှိစေလိုခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီနေရာမှာ အပြောင်းအလဲအများကြီး ရှိလာမှာမို့ပါ။"လို့ သူက ပြောပါတယ်။

"ကျနော့်ရဲ့ အကောင်းဆုံးအတွေ့အကြုံတွေနဲ့ အသင်းဖော်တွေကို ကူညီပေးနိုင်အောင် ကြိုးစားသွားမှာပါ။"

ကာဆီးလက်စ်ဟာ မက်ဒရစ်အသင်းနဲ့ (၁၆)နှစ်တာအတွင်း ချန်ပီယံလိဂ်ဖလား (၃)ကြိမ်၊ လာလီဂါဖလား (၅)ကြိမ်၊ စပိန်ဘုရင့်ဖလား (၂) ကြိမ်၊ စပိန်စူပါဖလား (၄)ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား (၂)ကြိမ်တို့ ဆွတ်ခူးခဲ့ပါတယ်။

သူဟာ အသက် (၁၉)နှစ်အရွယ်နဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့ အသက်အငယ်ဆုံးဂိုးသမားဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ကာဆီးလက်စ်ဟာ ချန်ပီယံလိဂ်ပွဲပေါင်း (၁၈၇)ပွဲကစားကာ ဂိုးသမားထဲမှာ ပွဲအများဆုံးကစားထားသူဖြစ်ပြီး ဒီပြိုင်ပွဲမှာ (၅၉)ပွဲ ပေးဂိုးမရှိဆိုတဲ့ အမြင့်ဆုံး စံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

ကာဆီးလက်စ်ဟာ ၂၀၁၅ ခုနှစ်က မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ပေါ်တိုအသင်းနဲ့အတူ လက်တွဲခဲ့သူဖြစ်ပြီး သူဟာ အသင်းနဲ့အတူ ၂၀၁၇-၂၀၁၈ လာလီဂါဖလားနဲ့ ၂၀၁၈ ပေါ်တူဂီစူပါဖလားတို့ ရရှိခဲ့ပါတယ်။

သူဟာ စပိန်လက်ရွေးစင်အသင်းနဲ့ (၁၆၇)ပွဲကစားပေးခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား၊ ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly