ပြင်သစ်မှာ အယ်လ်ဂျီးရီးယားအသင်း ပရိသတ် (၂၈၂)ဦး ဖမ်းဆီးထိန်းသိမ်းခံရ

ပြင်သစ်မှာ အယ်လ်ဂျီးရီးယားအသင်း ပရိသတ် (၂၈၂)ဦး ဖမ်းဆီးထိန်းသိမ်းခံရ
Photos: AFP

၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ဂျီးရီးယားက နိုင်ဂျီးရီးယားအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီးနောက် အယ်လ်ဂျီးရီးယားအသင်း ပရိသတ် (၂၈၂)ဦးမှာ ပြင်သစ်နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။

အဆိုပါဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ဂျီးရီးယားက နိုင်ဂျီးရီးယားကို (၂-၁)ဂိုးနဲ့ အနိုင်ရပြီးနောက် အယ်လ်ဂျီးရီးယားအသင်း ပရိသတ်တွေဟာ အောင်ပွဲခံအော်ဟစ်ခဲ့တာပါ။ ဖမ်းဆီးမှုကိုတော့ တနင်္ဂနွေညနေပိုင်းမှာ နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ဇူလိုင် (၁၄)ရက်က ပြင်သစ်နိုင်ငံအမျိုးသားနေ့ ကျင်းပရာမှာ မငြိမ်မသက်မှုဖြစ်စေတဲ့ ဆက်နွယ်မှုမျိုးကြောင့် ဖမ်းဆီးမှုအချို့ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရမ်းကားမှုဖြစ်စဉ်တွေဟာ ပါရီ၊ မာဆေးလ်နဲ့ လိုင်ယွန်မြို့တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပါရီမြို့မှာ လူ (၅၀) ဦး ဖမ်းဆီးထိန်သိမ်းခဲ့ပြီး Champs-Elysees မှာ ဘောလုံးပရိသတ်တွေနဲ့ ရဲတွေအကြား အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

လိုင်ယွန်မြို့မှာတော့ တစ်ညလုံး ကားဒါဇင်များစွာ မီးရှို့ခံရတယ်လို့ ဆိုပါတယ်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ခရစ္စတို့ဖ် ကတ်စတာနယ်က "အကြမ်းဖက်မှုတွေပါလာတဲ့ ပြစ်မှုကျူးလွန်သူတွေကို မြန်ဆန်တဲ့ တုံ့ပြန်မှုနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ ဖမ်းဆီးလုပ်ဆောင်နိုင်တဲ့အတွက်” ရဲနဲ့ မီးသတ်သမားတွေကို တနင်္လာနေ့က ချီးကျူးခဲ့ပါတယ်။

ပါရီမြို့နဲ့ မာဆေးလ်မြို့တို့ဟာ အယ်လ်ဂျီးရီးယားနွယ်ဖွွားအများဆုံးအခြေချနေထိုင်တဲ့ မြို့တွေဖြစ်ပါတယ်။ ပရိသတ်တွေဟာ အယ်လ်ဂျီးရီးယားနိုင်ငံအလံတွေ ကိုင်ဆောင်ပြီး အောင်ပွဲခံအော်ဟစ်မှုများရှိခဲ့ပြီး ဒေသခံရဲအရာရှိတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly