ဇူလိုင် ၁၅ ။ ။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဝေးလံခေါင်ပါးတဲ့ မာလူကူကျွန်းစုပေါ်မှာ ဇူလိုင် ၁၄ ရက်က ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့ပြီးနောက် အနည်းဆုံး လူနှစ်ဦး သေဆုံးကာ လူထောင်နဲ့ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယင်း ငလျင်ကတော့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၈ မိနစ်မှာ မာလူကူ ပြည်နယ် မြောက်ပိုင်း တာနိတ်မြို့ တောင်ပိုင်း ၁၆၅ ကီလိုမီတာခန့်မှာ ဗဟိုပြုလှုပ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ငလျင် လှုပ်ချိန် ငလျင် ဗဟိုချက်နဲ့ နီးကပ်တဲ့ ဧရိယာဖြစ်တဲ့ တောင်ပိုင်း ဟယ်လ်မာဟီရာ ဒေသမှာ နေအိမ်အလုံး ၁၆၀ လောက် ပြိုကျခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် လူပေါင်း ၂,၀၀၀ လောက် နေအိမ်တွေကို စွန့်ခွာခဲ့ရကြောင်း အင်ဒိုနီးရှား သဘာဝဘေးလျော့ပါးရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ အေဂက်စ် ဝီဘိုဝိုက ပြောပါတယ်။
ငလျင်ကြောင့် အဓိက တံတားနှစ်စင်းလည်း ပျက်စီးသွားတယ်လို့ ၎င်းက ထပ်လောင်း ပြောပါတယ်။
ငလျင်လှုပ်ပြီးနောက် ဒေသခံပြည်သူတွေဟာ စာသင်ကျောင်းတွေ၊ အစိုးရအဆောက်အအုံတွေ၊ အမြင့်ဘက် ကုန်းမြင့်ဘက်တွေက ယာယီခိုလှုံရေး စခန်းတွေမှာ ခိုလှုံနေရလျက် ရှိကြောင်း သိရပါတယ်။