ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism)

ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism)

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

လူတော်တော်များများမှာ Fetish လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေ ရှိတတ်ကြပါတယ်။ ကိုယ့်မှာရှိမှန်း သိတဲ့သူနဲ့ မသိတဲ့သူဆိုပြီးတော့ပဲ ကွာသွားတာပါ။ ဒီနေ့ပြောပြပေးမှာကတော့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေထဲကမှ ချွန်ထက်တဲ့ အရာဝတ္ထုတွေနဲ့ အသားနာအောင် ထိုးဆွမှ လိင်စိတ်ဆန္ဒအမြင့်ဆုံးရောက်တဲ့သူတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။
Piquerism ဆိုတာဘာလဲ။

လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့အဖော်ကို နှိပ်စက်ညှင်းပန်းလိုတဲ့ ဆန္ဒနဲ့ လုပ်တဲ့အပြုအမူပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ပြင်းထန်လွန်းတဲ့ လိင်စိတ်ဖြေဖျောက်ခြင်းမှာ ပါဝင်ပြီး တစ်ဖက်သားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဘယ်လိုအရာဝတ္ထုတွေကို အဓိကအသုံးပြုလဲ။

ချွန်ထက်တဲ့ အရာဝတ္ထုတိုင်းကို အသုံးပြုနိုင်ပါတယ်။ အပ်၊ လက်သည်း၊ ဓား၊ သင်တုန်းဓား၊ တွယ်အပ်၊ ကပ်ကြေး၊ ဘောပင်၊ ခဲတံစတာတွေကို အများဆုံးအသုံးပြုတတ်ကြပါတယ်။ အသားကို ဖြည်းဖြည်းချင်းလှီးရတာ၊ သွေးထွက်အောင် လုပ်တာ၊ နာကျင်အောင် ထိုးဆွနေရင် လိင်စိတ်ထကြွလာပါတယ်။
ဘယ်နေရာတွေကို အများဆုံးထိခိုက်ကြလဲ။

လိင်စိတ်ဖြေဖျောက်တဲ့ အမူအကျင့်ဖြစ်တာကြောင့် အမျိုးသား လိင်အင်္ဂါ၊ ပေါင်ခြံ၊ မိန်းမကိုယ်၊ တင်ပါး၊ ရင်သားတွေပေါ်မှာ အများဆုံးထိခိုက်အောင် လုပ်တတ်ပါတယ်။ တချို့လူတွေအတွက်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်စက်ညှင်းပန်းလိုစိတ်ရှိတတ်ပြီး ဒီလိုလုပ်တာဟာ သူတို့အတွက် လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကိုရောက်ဖို့ ပိုမြန်တတ်ပါတယ်။
ဘာကြောင့် ဒီလိုပုံမှန်မဟုတ်တဲ့ လိင်စိတ်ဆန္ဒဖြစ်ပေါ်လာရတာလဲ။

များသောအားဖြင့် မွေးကတည်းက အတွင်းစိတ်မှာ ကိန်းအောင်းလာတတ်ပြီး တချို့တွေမှာ ကလေးဘဝ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အစော်ကားခံရတာကြောင့် ဖြစ်နိုင်သလို အကြောင်းရင်းမရှိဘဲနဲ့လည်း ဒီလိင်စိတ်ဆန္ဒ ဖြစ်လာတတ်ပါတယ်။ ထိုးသွင်းဆက်ဆံခြင်းမပြုခင်၊ ပြုနေစဉ်မှာ ချွန်ထက်တဲ့အရာများဖြင့် လိင်ဆက်ဆံဖော်ကို နှိပ်စက်ခြင်း (အလွန်ရှားပါးသော ဖြစ်စဉ်များတွင် မိမိကိုယ်ကို နှိပ်စက်ခြင်း) ဖြင့် လိင်စိတ်ဆန္ဒကို အမြင့်ဆုံးထိရောက်အောင် မြှင့်တင်ကြပါတယ်။ ပုံမှန်အတိုင်း နှိပ်စက်နေရတာမျိုးမဟုတ်ဘဲ လိင်စိတ်ဆန္ဒ ပြည့်ဝရန် ရည်ရွယ်ချက်ဖြင့်သာ လုပ်တဲ့အပြုအမူဆိုလည်း မမှားပါဘူး။
ဒီလိုလိင်စိတ်ဆန္ဒက လူဘယ်နှစ်ယောက်လောက်မှာ ရှိနေနိုင်လဲ။

ပုံမှန်မဟုတ်သော လိင်စိတ် (Fetish) တွေထဲမှာ တော်တော်လေးကို အတွေ့နည်းတယ်လို့ဆိုနိုင်ပါတယ်။ BDSM လို့ခေါ်တဲ့ လိင်ဆက်ဆံဖော်ကို နှိပ်စက်ရမှ သို့မဟုတ် အနှိပ်စက်ခံရမှ အားရကျေနပ်သူတွေမှာတော့ ဒီအပြုအမူဟာ တော်တော်လေးကို လူကြိုက်များတတ်ပါတယ်။
အန္တရာယ်ကင်းလား။

ယေဘုယျအားဖြင့်ပြောမယ်ဆိုရင်တော့ အပြုခံရတဲ့ လိင်ဆက်ဆံဖော်အတွက်တော့ ဒဏ်ရာအနာတရ ဖြစ်နိုင်သလို အခန့်မသင့်လို့ သွေးကြောထိမိရင် ရောဂါပိုးဝင်တာ၊ သွေးအလွန်အကျွံထွက်ပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရနိုင်ပါတယ်။
ဘာတွေကို သတိထားဖို့လိုမလဲ။

ကိုယ့်မှာ ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စိတ်ရှိတယ်ဆိုတာ သိထားရင် ကိုယ့်အဖော်ကိို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက် သဘောတူမှသာ ရှေ့ဆက်တာအကောင်းဆုံးပါပဲ။ ဆက်ဆံတဲ့အခါမှာ

  •     ဒီလိင်စိတ်ဖြေဖျောက်ခြင်းရဲ့ အန္တရာယ်နဲ့ သတိထားရမယ့်အရာတွေကို နှစ်ဦးစလုံး နားလည်ထားဖို့လိုပါတယ်။
  •     ကိုယ်အသုံးပြုမယ့် ချွန်ထက်တဲ့အရာမှန်သမျှ အရက်ပြန်နဲ့ သေချာဆေးပြီး ပိုးသတ်ထားဖို့လိုပါတယ်။ အရက်ပြန်အစား ဆားငန်ရည်၊ အစွန်းချွတ်ဆေးတွေကို အသုံးပြုလို့လည်း ရပါတယ်။
  •     သွေးထွက်နည်းမယ့်နေရာတွေ ဖြစ်တဲ့ ရင်သား၊ တင်ပါး၊ ကျောကုန်းတွေကိုပဲ နှိုးဆွပေးသင့်ပါတယ်။ သွေးကြောများတဲ့နေရာတွေကို ခြစ်မိရင် သွေးအလွန်အကျွံထွက်နိုင်တာကြောင့်ပါ။
  •     လိင်မှုကိစ္စအားလုံးပြီးသွားရင် အနှိပ်စက်ခံရသူကို သေချာပြုစုပေးပါ။
  •     ရေသေချာချိုးပေးတာ၊ လက်လှမ်းမမီတဲ့နေရာက ပွန်းပဲ့ဒဏ်ရာတွေကို ပိုးသတ်ဆပ်ပြာနဲ့ ရေနွေးအသုံးပြုပြီး ဆေးကြောပေးပါ။
  •     ခြောက်အောင် သုတ်ပြီးသွားရင် အနာသက်သာစေမယ့် ဆေးတစ်မျိုးမျိုးလိမ်းထားပါ။ ပိုး၊ ဖုန်မဝင်အောင် အနာကို ပလာစတာ၊ ပတ်တီးတစ်ခုခုဖြင့် အုပ်ပြီး ကာကွယ်ပေးထားပါ။
  •     အနာက တော်ရုံနဲ့မကျက်နိုင်ဘူး၊ ပြည်တွေထွက်နေတာ၊ အဖျားအရမ်းတက်တာ၊ ထိုးဆွခံရတဲ့နေရာက ရောင်ပြီး အရမ်းကိုက်ခဲနေတယ်ဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးပြသပါ။

ပုံမှန်မဟုတ်တဲ့ လိင်စိတ်ဆိုတာ တားဆီးလို့မရတဲ့ အရာပါ။ ကိုယ့်ရဲ့လိင်စိတ်က တခြားသူတွေထက် ပိုပြင်းထန်တယ်လို့ ယူဆရင်တော့ ဒါတွေနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာထားဖို့လိုသလို ကိုယ့်ချစ်သူကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြထားတာ အကောင်းဆုံးပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required