စက်လှေမှောက်ပြီး ပျောက်ဆုံးနေသူ ကျောင်းသူ ၃ ဦးကို ရေငုပ်အဖွဲ့များဖြင့် ဆက်လက်ရှာဖွေမည်

စက်လှေမှောက်ပြီး ပျောက်ဆုံးနေသူ ကျောင်းသူ ၃ ဦးကို ရေငုပ်အဖွဲ့များဖြင့် ဆက်လက်ရှာဖွေမည်
ဇူလိုင် ၁၃ ရက်က မင်းတုန်းချောင်းအနီး ရှာဖွေနေမှုများ ပြုလုပ်နေစဉ်။ ဓာတ်ပုံ-ဦးအေးလှိုင်ဦး

မကွေး၊ ဇူလိုင် ၁၃ ။         ။ စက်လှေမှောက်၍ ပျောက်ဆုံးနေသော ကျောင်းသူ ၃ ဦးအား ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ ဇူလိုင် ၁၄ ရက်နံနက်တွင် မန္တလေးမှ ရေငုပ်အဖွဲ့များဖြင့် ရှာဖွေသွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောသည်။

“ မန္တလေးက ရေငုပ်အဖွဲ့ကို အကူညီလှမ်းတောင်းထားတယ်။ သူတို့ နံနက်နံနက်စောစောပိုင်းရောက်ရင်  အခင်းဖြစ်တဲ့နေရာဝန်းကျင်လောက်ကို ရေငုပ်ပြီး ရှာမှာပေါ့” ဟု မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ဇူလိုင် ၁၃ ရက် ည ၈ နာရီဝန်းကျင်ခန့်တွင် မဇ္ဈိမသို့ ပြောသည်။

ဇူလိုင် ၁၂ ရက်နေ့က မင်းတုန်းမြို့၏ တစ်ဖက်ကမ်း ပေါက်ကိုင်းရွာမှ မင်းတုန်းအထက်တန်းကျောင်းသို့ သွားတက်သည့် ကျောင်းသူကျောင်းသားများ အိမ်အပြန် ကျောင်းဆင်းချိန်တွင် မင်းတုန်းချောင်းကို စက်လှေဖြင့် ဖြတ်စဉ် စက်လှေစောင်းကာ တိမ်းမှောက်ခဲ့ပြီး ကျောင်းသူ ၄ ဦး ပျောက်ဆုံးခဲ့သည်။

မင်းတုန်းချောင်းရေအတွင်း မျောပါပျောက်ဆုံးခဲ့သူများမှာ မသက်မွန်ဇူလိုင်( ၁၃နှစ် ၇ တန်း) ၊ မဇွန်ပွင့်ဖြူ (၁၃ နှစ် ၇ တန်း) ၊ မဂျူးဂျူးဟန်( ၁၅ နှစ် ၉ တန်း)၊ မချစ်စုဝေ (၁၅ နှစ် ၉ တန်း)တို့ ဖြစ်သည်။

ယနေ့ နံနက် ၉ နာရီကျော်ခန့်က မဂျူးဂျူးဟန်( အသက်၁၅ နှစ်၊ ၉ တန်း)၏ ရုပ်အလောင်းကို ကင်းပုန်ကိုင်း ရွာအနီး တွေ့ရှိခဲ့ပြီး ကျန် ကျောင်းသူ ၃ ဦးကို ယနေ့ညအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

"ပြန်တွေ့တဲ့ ကျောင်းသူလေးတစ်ယောက်ကတော့ မနက်ဖြန်( ဇူလိုင် ၁၄ ရက်) ၊ နေ့လယ် ၂ နာရီလောက် သင်္ဂြိုဟ်မယ်။  ကျန်တဲ့ ၃ ယောက်ကတော့ ရှာမတွေ့သေးဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်လှေမောင်းသူ ဇာနည်အောင်ကို မင်းတုန်းမြို့မရဲစခန်းတွင် (ပ) ၁၂၆/ ၂၀၁၉  ရာဇသတ်ကြီး ၂၈၀/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly