ကျောင်းအပြန် စက်လှေမှောက်ပြီး ကျောင်းသူ ၄ ဦး ပျောက်ဆုံး၊ ၁ ဦး ရုပ်အလောင်း တွေ့ရှိ

ကျောင်းအပြန် စက်လှေမှောက်ပြီး ကျောင်းသူ ၄ ဦး ပျောက်ဆုံး၊ ၁ ဦး ရုပ်အလောင်း တွေ့ရှိ

မကွေး၊ ဇူလိုင် ၁၃ ။          ။ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့၌ ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့က ကျောင်းကြိုစက်လှေတစ်စီး  မင်းတုန်းချောင်းတွင် တိမ်းမှောက်ခဲ့ရာ ကျောင်းသူ ၄ ဦး ပျောက်ဆုံးနေကာ လက်ရှိအချိန်တွင် တစ်ဦး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့၏ တစ်ဖက်ကမ်း ပေါက်ကိုင်းရွာမှ မင်းတုန်းအထက်တန်းကျောင်းသို့ သွားတက်သည့် ကျောင်းသူကျောင်းသားများ အိမ်အပြန် ကျောင်းဆင်းချိန်တွင် မင်းတုန်းချောင်းကို စက်လှေဖြင့် ဖြတ်စဉ် စက်လှေစောင်းကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ကင်းပုန်​ကိုင်းရွာအနီး ယ​နေ့ နံနက်​ ၉ နာရီ​ကျော်​ခန်​့က ​ကျောင်းသူတစ်​ဦး ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။

" မူးချောင်းနဲ့ မင်းတုန်းချောင်းခေါ် မထုံးချောင်းဆုံရာမှာ ရေစီးပိုကြမ်းတယ် ။ အဲဒီနေရာမှာ ရေစီးကိုမလှန်နိုင်ဘဲ မှောက်သွားတာ။ စက်လှေကကြီးပါတယ်။ ၂၅ တောင် အရှည်ရှိတယ်။ ကျွန်တော်တို့ စက်လှေ ၃ စီးနဲ့ ရှာနေတာ" ဟု သဘာဝဘေးကယ်တင်ရေးပရဟိတအသင်းမှ ဦးမြင့်အောင်က ပြောသည်။

မင်းတုန်းချောင်းရေအတွင်း မျောပါပျောက်ဆုံးနေသူများမှာ မသက်မွန်ဇူလိုင်( ၁၃နှစ် ၇ တန်း) ၊ မဇွန်ပွင့်ဖြူ (၁၃ နှစ် ၇ တန်း) ၊ မဂျူးဂျူးဟန်( ၁၅ နှစ် ၉ တန်း)၊ မချစ်စုဝေ (၁၅ နှစ် ၉ တန်း)တို့ကို ရှာဖွေနေခြင်း ဖြစ်ကြောင်း မင်းတုန်းမြို့ပရဟိတအဖွဲ့ဝင်တွေက ပြောသည်။

" မင်းတုန်းကနေ ရွာကိုအပြန်ပေါ့။ ဝါဆိုသင်္ကန်းကပ်ပြီးတော့ ကျောင်းက စောဆင်းပေးလိုက်တယ်။ အဲအချိန်ပြန်ရာမှာ ကျွမ်းကျင်တဲ့ကူးတို့လုပ်ငန်းလုက်သူတွေ ပြောစကားအရ သက်လှေမောင်းသူရဲ့မကျွမ်းကျင်တဲ့အပိုင်း ပါတယ်လို့ ပြောတယ်။ ဒါက မဖြစ်သင့်ဘူး။ လူမများဘူး။ ကလေးတွေပဲပါတယ်။ ကလေးတွေ ဘယ်လိုသွား၊ ပြန်တယ်ဆိုတာ ရဲဌာနလည်း မကြီးကြပ်နိုင်ဘူးလေ။ မိုးတွင်းဆို ချောင်းကို မဖြတ်ဘဲ လာလို့ရတဲ့ ပုသိမ်-မုံရွာလမ်းလည်း ကောင်းတယ်။ တစ်ချို့လည်း အဲဒီဖက်က သွားကြတယ်။" ဟု မင်းတုန်းမြို့နယ်​၊ မကွေးတိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အေးလှိုင်​ဦးက ပြောသည်။

အဆိုပါဒေသတွင် ပုသိမ်-မုံရွာလမ်းမှ ကျောင်းတက်သူများရှိပြီး အချို့မှာ စက်လှေဖြင့် ချောင်းဖြတ်ကာ လာတက်သူများလည်းရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

တိမ်းမှောက်သည့် စက်လှေပေါ်တွင် ကျောင်းသူ ၁၁ ဦး ၊ ကျောင်းသား ၁ ဦးနှင့် စျေးရောင်းစျေးဝယ်ပြန်အရပ်သူအရပ်သား ၆ ဦး စုစုပေါင်း ၁၈ ဦး ပါကြောင်း သိရသည်။

”မြစ်ပြင်ကျယ်တွေမှာလို စက်လှေမှန်ရင်အသက်ကယ်ဘော၊ အသက်ကယ်အကျီၤဆိုတာတွေမရှိဘူး။ ဖြစ်ကာမှကြပ်မှာ။ မဖြစ်ခင်တော့ ဒီအတိုင်းပဲ ဖြစ်နေကြတာ။ အမှန်က ပြဌာန်းချက်အတိုင်းကို ရှိရမှာ" ဟု အမည်မဖော်လိုသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

လက်ရှိတွင် မင်းတုန်းမြို့နယ် ​အုပ်​ချုပ်​​ရေးမှူး၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များအပါအဝင်​ ဌာနဆိုင်​ရာများ၊ လူမှု​ရေးအဖွဲ့အစည်းများမှ တာဝန်​ရှိသူများက ယ​နေ့ ဇူလိုင် ၁၃ ရက် နံနက်​ ၈ နာရီအချိန်​မှစ၍ ​ပျောက်ဆုံးကျောင်းသူများကို ရှာ​ဖွေ​ရေး ဆက်​လက်​လုပ်​​ဆောင်​​နေကြောင်း သိရကာ ယခု ၁ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required