၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားတိုင်း လိုက်ရမည်ဟုဆို

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားတိုင်း လိုက်ရမည်ဟုဆို
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင်လ ၁၂ ။               ။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုခဲ့သည့် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဥပဒေဘောင်အတွင်းကပြင်ဆင်ရေးကို ဦးတည်နေသောကြောင့် အဲဒီအနောက်ကို လိုက်ရမည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဦးမြအေး ကပြောဆိုသည်။

“လူထုထောက်ခံမှုပိုပြီးများလာလိမ့်မယ်လို့ ထင်ပါတယ်။လွှတ်တော်မှာတင်လိုက်တာနဲ့  အပြင်မှာလဲ ဖွဲ့စည်းပုံ ပြင်ဆင်တာကိုထောက်ခံပွဲတွေ ပိုများလာလိမ့်မယ်။ ကျွန်တော်ထင်ပါတယ်။NLD ပါတီဟာ ၂၀၁၅ ရွေး ကောက်ပွဲ ကာလမှာ ပေးထားတဲ့ကတိကို တည်အောင်ကြိုးစားတယ်လို့ ကျွန်တော်အမြင် က အဲလိုပဲ မြင်မိ ပါတယ်။ တစ်ခုတော့ရှိတယ် ဖွဲ့စည်းပုံ ပြင်ဖို့တင်တယ်။ပြင်တိုင်းလည်း မရဘူး ဆိုတဲ့ ဟာမျိုးတော့ မဖြစ် စေချင်ဘူး။Plan A ၊ Plan B ၊ Plan C တွေက ရှိသင့်တယ်လို့မြင်တယ်” ဟု ဦးမြအေးက ပြောသည်။

လာမည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆောင်ရေးကော်မတီဝင် ၄၅ ဦး က အစီရင်ခံစာကို တင်သွင်း သွားမည် ဖြစ်သည်။

“ အကယ်၍ လွှတ်တော်ထဲက ပြင်လို့မရဘူးဆိုရင် ရွေးကောက်ပွဲဝင်တဲ့လမ်းကြောင်းကနေ ဖွဲ့စည်းပုံ ပြင်ဆင်မယ်ဆိုတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးက အဓိပ္ပာယ်မဲ့သွားလိမ့်မယ်။ ဒါကြောင့်မို့ကျွန်တော် ပြောတာ လူထုယုံကြည့်မှု

ရဖို့ဆိုရင် ရလဒ် ထွက်အောင် လုပ်ရလိမ့်မယ်လို့မြင်မိတယ်။ရလဒ်က မယ်မယ်ရရမရှိဘူးဆိုရင် လူထု ယုံကြည့်မှု က ဒီထက်ပိုဆိုးသွားနိုင်တယ်။အကောင်းဘက်လည်းရှိပါတယ်။ ဒါက ကျွန်တော် အဆိုး ဘက်က ပြောတာပါ။ နှစ်ဘက်လုံးကို မျှခြေ အနေနဲ့စဉ်းစားသင့်တယ်လို့မြင်ပါတယ် “ ဟု ဦးမြအေးက ဆက်ပြောသည်။

အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် ပါတီတစ်ခုထဲက တစ်ဦးတစ်ယောက်၏ ဆန္ဒ မဟုတ် ကြောင်း ပြည်သူလူထုကလည်း ပြင်ဆင်ချင်သည့် ဆန္ဒရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းနိုင်ထွန်း (ဒေါင်းမန်ဟုန်) က ပြောသည်။

“ဒီတင်သွင်းတဲ့ကော်မတီတွေကိုထောက်ခံတယ်။ နောက်တစ်ချက်က လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူက တင်မြှောက်ထားတာ။ ပြည်သူ့ကိုယ်စား လွှတ်တော်ထဲမှာ တင်ရတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေက ပြင်ချင်တဲ့ဆန္ဒရှိပါတယ်ဆိုတာက ဒီလွှတ်တော်ကိုယ်စားလှယ်တွေ ဂုဏ်ယူစေချင်တယ်။ လွှတ်တော်ထဲမှာရောက်နေတဲ့နိုင်ငံရေးပါတီ၊လွှတ်တော်ပြင်ပက နိုင်ငံရေးပါတီတွေဟာ ပြည်သူတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်နေတယ် ဆိုတာကို ပြည်သူတွေက ပါတီတွေကို Massage ပေးချင်တယ်” ဟု တရား လွှတ်တော်ရှေ့နေ ဦးသိန်းနိုင်ထွန်း(ဒေါင်းမန်ဟုန်) က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးကော်မတီ၏ အစီရင်ခံစာအတွက် ပြည်သူလူထု ထောက်ခံပွဲ ကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့ တွင်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly