Air Canada လေယာဉ် လေလှိုင်းထန်ကာ လှုပ်ခါ၍ အရေးပေါ်ဆင်းသက်၊ လူ ၃၅ ဦး ဒဏ်ရာရ

Air Canada လေယာဉ် လေလှိုင်းထန်ကာ လှုပ်ခါ၍ အရေးပေါ်ဆင်းသက်၊ လူ ၃၅ ဦး ဒဏ်ရာရ

ဇူလိုင် ၁၂ ။           ။ သြစတြေးလျကို ဦးတည်ပျံသန်းတဲ့ Air Canada လေယာဉ်တစ်စင်း ပြင်းထန်တဲ့ လေလှိုင်းထန်မှုနဲ့ တွေ့ကြုံခဲ့တဲ့အတွက် ခရီးသည် ၃၅ ထက်မနည်း ဒဏ်ရာတွေ ရရှိသွားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၁ ရက်က ဗန်ကူးဗားမြို့ကနေ ထွက်ခွာပျံသန်းလာခဲ့တဲ့ Air Canada လေယာဉ်အမှတ် အေစီ ၃၃ ဟာ ယင်းလေလှိုင်းထန်မှုနဲ့ ကြုံပြီး လေယာဉ်လှုပ်ခါမှု ဖြစ်လို့ ဟူနိုလူလူမြို့က နိုင်ငံတကာလေဆိပ်ဆီ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

“ ကျွန်တော်တို့ လေလှိုင်းထန်မှုနဲ့ ကြုံခဲ့တာပါ၊ အဲဒီအချိန် လေယာဉ်က တအားကို လှုပ်ခါနေခဲ့တာပါ၊ ခရီးသည် တော်တော်များများ မျက်နှာကျက်တွေဆီ လွင့်ပျံဝင်စောင့်တာတွေ ဖြစ်ကုန်ပါတယ်၊ အကုန်လုံး အော်ကြဟစ်ကြနဲ့ ပွက်လောရိုက်နေတာပါပဲ” လို့ ခရီးသည်တစ်ဦးဖြစ်တဲ့ မိုက်ကယ် ဘေလီက ပြောပါတယ်။

“ ကျွန်တော်တို့ ခရီးသည်တွေ အကုန်လုံး အမိုးတွေနဲ့ ခေါင်းနဲ့ ဆောင့်ကုန်ကြတယ်၊ အကုန်လုံး ဖရိုဖရဲတွေကို ဖြစ်လို့ပါ၊ လူတွေဆိုတာ လေထဲ ဝဲနေသလိုပဲ” လို့လည်း အခြား ခရီးသည်တစ်ဦးဖြစ်တဲ့ ဂျက်စ် စမစ်သ်က ပြောသွားပါတယ်။

ခရီးသည် ၂၆၉ ဦး၊ လေယာဉ်အမှုထမ်း ၁၅ တို့ လိုက်ပါလာတဲ့ ယင်းလေယာဉ်ကတော့ ဟာဝိုင်ယီကို ဖြတ်ကျော် ပျံသန်းလာပြီး နှစ်နာရီခန့်အကြာမှာ ကြိုတင်မမျှော်လင့်ထားတဲ့ ဒီ လေလှိုင်းထန်မှုနဲ့ ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ လေကြောင်းခရီးစဉ်တွေ၊ ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှု ရှိဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေးကိစ္စပါ၊ ဒီကိစ္စဖြစ်ပြီး ဟူနိုလူလူမှာလည်း ဆေးဘက်ဝန်ထမ်းတွေ အဆင့်သင့်စောင့်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်” လို့ လေကြောင်းလိုင်းက ထုတ်ပြန်သွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required