ဗြိတိန်ရေနံတင်သင်္ဘောကို အီရန် နှောင့်ယှက်တာဟာ ဥပဒေမဲ့ လုပ်ရပ်ဟု အမေရိကန် ရှုတ်ချ

ဗြိတိန်ရေနံတင်သင်္ဘောကို အီရန် နှောင့်ယှက်တာဟာ ဥပဒေမဲ့ လုပ်ရပ်ဟု အမေရိကန် ရှုတ်ချ

၀ါရှင်တန်၊ ဇူလိုင် ၁၂ ။         ။ ပင်လယ်ကွေ့အတွင်းမှာ ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို အီရန်တော်လှန်ရေးအစောင့်တပ်က အနှောင့်အယှက်ပြုတာဟာ ဥပဒေမဲ့လုပ်ရပ်ပဲ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်ဂန်အော်တက်စ်က ရှုတ်ချပြောဆိုပါတယ်။

“မနေ့က ဗြိတိန်အလံလွှင့်ထူထားတဲ့ သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ်က ဟော်မုဇ်ရေလက်ကြားမှာ နှောင့်ယှက်ခဲ့တာဟာ ဥပဒေမဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အီရန်ရဲ့ ဒီလို လုပ်ရပ်ကို  ရှုတ်ချပါတယ်။ လွတ်လပ်တဲ့ ကုန်သွယ်လမ်းကြောင်းမှာ ကုန်စည်ကုန်ကူးမှုတွေ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်ရေယာဉ်သုံးစင်းက ဟန့်တားဖို့ ကြိုးစားခဲ့ပြီး အီရန်ရေပိုင်နက်ထဲမှာ ရပ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်တော်ဝင်ရေတပ်က စစ်သင်္ဘောတစ်စီးက ရေဒီယိုကနေ လှမ်းသတိပေးမှ အီရန်ရေယာဉ်တွေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

အီရန်ရဲ့ ရေနံတင်သင်္ဘောတစ်စီးကို ဆီးရီးယားဆီ ဦးတည်ကာ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ကို ချိုးဖောက်တယ်ဆိုပြီး ဗြိတိန်က ဖမ်းဆီးခဲ့တာအတွက် တင်းမာမှု ဖြစ်တည်နေချိန်မှာ ခုဖြစ်ရပ် ဖြစ်ပွားတာပါ။

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အီရန်ရေနံတင်သင်္ဘောဟာ ဆန်ရှင်ကို ချိုးဖောက်ခြင်း မရှိကြောင်း ပြောပြီး ဒီလို ဖမ်းဆီးမှုဟာ ပင်လယ်ဓားပြလုပ်ရပ်ပဲ ဖြစ်ကာ နောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆိုင််ရလိမ့်မယ်လို့ သတိပေးထားတာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required