ဗီယက်နမ်အသင်းကို ရှုံးပြီး မြန်မာဖူဆယ်အသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ

ဗီယက်နမ်အသင်းကို ရှုံးပြီး မြန်မာဖူဆယ်အသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရ

အောက်တိုဘာ ၁၀၊ ရန်ကုန်။           ။ ၂၀၁၅ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းမှာ  ဗီယက်နမ်အသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့၍ အုပ်စုတွင်း နှစ်ပွဲဆက် ရှုံးနိမ့်ကာ လက်ကျန်ပွဲစဉ်တစ်ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း head to head စည်းမျဉ်းအရ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိတော့ပေ။

အဆိုပါပွဲတွင် ဗီယက်နမ်အသင်းက ပွဲအစ ၉ မိနစ်၌ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး မြန်မာအသင်းက ပွဲချိန်ပထမပိုင်း၌ ပင်နယ်တီပြစ်ဒဏ် ကန်ခွင့်ရရှိခဲ့သော်လည်း ဘားတန်းထိထွက်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။

ဒုတိယပိုင်း ပွဲပြန်စချိန်၌ မြန်မာအသင်းမှ ပြည့်ဖြိုးမောင်က ချေပဂိုးပြန်လည် သွင်းယူပေးခဲ့သော်လည်း ပွဲချိန် ၂၈ တွင် ဗီယက်နမ် အသင်းက ထန်ဗန်ယု ကအနိုင်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီး၌ ဗီယက်နမ်အသင်းက ၂-၁ ဖြင့် အနိုင်ရခဲ့သည်။

မြန်မာဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲ၌ ဖိလစ်ပိုင်အသင်းကို ၁၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သော်လည်း နောက်ပွဲစဉ်များ၌ သြစတြေးလျအသင်းကို ၃-၁၊ ဗီယက်နမ်အသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) တွင် ပွဲစဉ် နှစ်ပွဲကစားပြီးချိန်၌ သြစတြေးလျ အသင်းက ရမှတ် ခြောက်မှတ်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်လျက်ရှိပြီး ဗီယက်နမ်အသင်းက ရမှတ် ခြောက်မှတ်ဖြင့် ဒုတိယ၊ မြန်မာအသင်းက ရမှတ် သုံးမှတ်ဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

အခြား အုပ်စုအဖြစ် အုပ်စု (က) တွင်  တီမော အသင်းက နှစ်ပွဲကစား ရမှတ် ခြောက်မှတ်ဖြင့် အုပ်စု ပထမ၊ မလေးရှား အသင်းက ရမှတ် သုံးမှတ်ဖြင့် ဒုတိယ၊ ထိုင်းအသင်းက တတိယ နေရာတို့တွင် အသီးသီး ရပ်တည်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် လာမည့် အောက်တိုဘာ ၁၂ ရက်တွင် အာဆီယံဖူဆယ်ချန်ပီယံရှစ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly