ကတုန်ကယင်မဖြစ်အောင် နိုင်ငံတော် သီချင်းကို ထိုင်လျက် အလေးပြုခဲ့တဲ့ အိန်ဂျလာမာကဲလ်

ကတုန်ကယင်မဖြစ်အောင် နိုင်ငံတော် သီချင်းကို ထိုင်လျက် အလေးပြုခဲ့တဲ့ အိန်ဂျလာမာကဲလ်

ဘာလင်၊ ဇူလိုင် ၁၁ ။       ။ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ဟာ ဟန်ဆောင်လို့ မရအောင် ကတုန်ကယင်ဖြစ်တာမျိုး ထပ်မဖြစ်ရအောင် ရှားပါးကြုံခဲတဲ့ လုပ်နည်းကိုင်နည်းအဖြစ် အစိုးရအခမ်းအနားတစ်ရပ်မှာ နိုင်ငံတော်သီချင်းကို ထိုင်လျက် အလေးအမြတ်ပြုခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်က လာရောက်လည်ပတ်တဲ့ ဒိန်းမတ်အမျိုးသမီး ဝန်ကြီးချုပ်သစ် ဖရက်ဒရစ်ဆန်ကို မာကဲလ်က အစိုးရအိမ်တော်ရာ ဆင်ဝင်အောက်မှာ ပြုံးရွှင်စွာ ဆီးကြိုပြီးနောက်မှာ မာကဲလ်ဟာ စင်မြင့်ထက်က ကုလားထိုင်နှစ်ခုံဆီ ဖရက်ဒရစ်ဆန်ကို ဦးဆောင်ခေါ်သွားတာ ဖြစ်ပါတယ်။

အဲဒီ ထိုင်ခုံနှစ်လုံးပေါ်မှာ အမျိုးသမီးဝန်ကြီးချုပ်နှစ်ဦး ထိုင်ရင်းနဲ့ နိုင်ငံတော် သီချင်းကို အလေးအမြတ်ပြုတာဟာဆိုရင် တရားဝင်အခမ်းအနားတွေမှာ ရှားရှားပါးပါး မြင်ကွင်းပဲ ဖြစ်ပါတော့တယ်။ ခုလို ထိုင်လျက်နဲ့ နိုင်ငံတော်သီချင်းကို အလေးအမြတ်ပြုတာဟာ မာကဲလ်အတွက် လူမြင်ကွင်းရှေ့ ထိန်းမရနိုင်အောင် ကတုန်ကယင်ဖြစ်တာမျိုးကို မဖြစ်ရအောင် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာ မာကဲလ်ဟာ အစိုးရအခမ်းအနားတွေရှေ့ လူမြင်ကွင်မှာ ကတုန်ကယင်ဖြစ်ပြီး ထိန်းမရအောင်ဖြစ်ခဲ့တာ တစ်လလောက်အတွင်း သုံးကြိမ်တိုင် ဖြစ်ပွားတွေ့မြင်ထားတာကြောင့် သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ထွက်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။

ဒီမတိုင်ခင် တစ်ရက်က ဂျာမနီဆီ လာရောက်တဲ့ ဖင်လန်ဝန်ကြီးချုပ် အန်တီရိန်းကို ကြိုဆိုလက်ခံချိန် နိုင်ငံတော်သီချင်းကို မတ်တပ်ရပ်ရင်း အလေးအမြတ်ပြုရာမှာ မာကဲလ်ဟာ မထိန်းနိုင်အောင် ကတုန်ကယင် ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် တစ်နာရီလောက်အကြာ သတင်းစာရှင်းလင်းပွဲမှာတော့ မာကဲလ်ဟာ သူ့ကျန်းမာရေးမှာ ဘာမှ ပြဿနာမရှိဘူးလို့ သတင်းထောက်တွေကို ဖြေရှင်းခဲ့ပါတယ်။

မာကဲလ်ဟာ လူမြင်ကွင်းရှေ့ ကတုန်ကယင်ဖြစ်တာကို ဇွန်လအတွင်းက စတင်တွေ့မြင်ကြရတာပါ။ ယူကရိန်းသမ္မတ ဗိုလိုဒိုင်မိုင်ယားကို စစ်အခမ်းအနား ကြိုဆိုစဉ်မှာ ကောင်းစွာမတ်တပ်မရပ်နိုင်ဘဲ ကတုန်ကယင်ဖြစ်တာကို တွေ့မြင်ခဲ့ရတာပါ။

အဲဒီအချိန်က မာကဲလ်ဟာ ပူပြင်းတဲ့ ရာသီကြောင့် ရေဓာတ်ချို့တဲ့လို့ ဖြစ်ရတာလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဂျပန်မှာ ဇွန်လအကုန်က ကျင်းပတဲ့ ဂျီ ၂၀ ထိပ်သီးညီလာခံမှာလည်း မာကဲလ်ဟာ ဒုတိယအကြိမ်မြောက် လူမြင်ကွင်းရှေ့ ကတုန်ကယင်ဖြစ်ခဲ့ပေမယ့် လေယာဉ်အချိန်ကြာ စီးခဲ့ရလို့ ဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ဟာ ဥရောပရဲ့ စီးပွားရေးအကြီးဆုံး ဂျာမနီကို ဦးဆောင်လာခဲ့တာ ၁၄ နှစ်နီးပါး ကြာမြင့်ပြီ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly