တက္ကသိုလ်နယ်မြေအတွင်း လုံခြုံရေးတင်းကျပ်ပေးရန် ကျောင်းသားများသမဂ္ဂ တောင်းဆို

By နူးရာ
11 July 2019
တက္ကသိုလ်နယ်မြေအတွင်း လုံခြုံရေးတင်းကျပ်ပေးရန် ကျောင်းသားများသမဂ္ဂ တောင်းဆို

ဇူလိုင်လ၊ (၁၁)ရက်။    ။             ။ လှိုင်တက္ကသိုလ်နယ်မြေနှင့် ကမာရွတ်တက္ကသိုလ်နယ်မြေဝင်းအတွင်း ကျောင်းသူများအား လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရခြင်းနှင့်လုယက်ခံရမှုများ ရှိခဲ့သည့်အတွက် လုံခြုံရေး တင်းကျပ်ပေးရန် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဇူလိုင် ၁၁ ရက်နေ့တွင် သတင်းစာရှင်းပွဲ ပြုလုပ်တောင်းဆိုလိုက်သည်။

'' ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတယ်။ ယောကျင်္ားယာဉ်မောင်းတစ်ယောက်က ကားပေါ်ကနေ မဖွယ်မရာ လုပ်ပြတယ်။ ကျွန်မနဲ့ သူငယ်ချင်းက တွေ့တယ်။ ကားနံပါတ် ဓာတ်ပုံရိုက်ပြီး ရဲတိုင်တရားစွဲခဲ့ပေမယ့် ၇ လ ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်။ ဘာလို့လွတ်သွားလဲဆိုတော့ ရှေ့နေပြောတာက အဲ့လူက မြို့နယ်ရဲစခန်းမှာ ဝန်ခံပေမယ့် တရားရုံးမှာ ငြင်းခဲ့တယ်။ သူက အဲဒီလို လုပ်ပြတာမဟုတ်ဘူး၊ သူ့အင်္ဂါကို ဆေးလိမ်းတာပါလို့ ဖြောင့်ချက်ပေးတယ်။ နောက်တစ်ခုက အသံပြုပြီး လုပ်တာ မဟုတ်ဘူး၊ သူ့ဘာသာလုပ်နေတာကို ကျွန်မတို့က သွားကြည့်ပါတယ်ဆိုတဲ့ အချက် ၃ ချက်နဲ့တင် အဲ့လူကို လွတ်ပေးလိုက်တယ်”  ဟု ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး မနီလာဝင်းက ပြောသည်။

ကျောင်းဝင်းထဲတွင်  အဆောင် ၅ ဆောင်ရှိပြီး တစ်ဆောင်လျှင်  ကျောင်းသူ ၅၀ ခန့်သည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရသည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း မနီလာဝင်းက ထပ်မံပြောသည်။

ထိုသို့ ကျောင်းဝင်းဝန်းကျင်တွင် ကျောင်းသူများကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများထဲတွင် ပြင်ပမှ ကားများအပြင် TTC ကျောင်းကားယာဉ်မောင်းများလည်း ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်များကြောင့်  အစိုးရမှ CCTV တပ်ဆင်ပေးရန် ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ တပ်ဆင်ပေးခြင်း မရှိသေးဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောသည်။

‘‘Sexual harassment ( လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှု)က ရာဇဝတ်မှုတစ်ခုပဲ။ အဲဒီရာဇဝတ်မှုကို ကျူးလွန်နေကြတယ်။ ဒါက ဖြစ်ပြီးမှ တားလို့ရတဲ့ ကိစ္စလား။ ရဲက ပြောတယ်။ ဒီလိုလုပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်နိုင်ရင်တော့ ပိုအဆင်ပြေတယ်ပေ့ါ၊ အဲဒါဆို ကျောင်းသူတွေ ဘယ်လိုလုပ်ကြမလဲ။ အဲဒီပုံ ရိုက်ပြနိုင်မှ အပြစ်ပေးနိုင်မယ်ပေါ့။ အဲ့ဒါတော့ မဖြစ်နိုင်ဘူး။ တိုင်းအစိုးရနဲ့ တွေ့ဖို့ ကြိုးစားခဲ့တယ်။ စာပဲတင်ခဲ့ပါဆိုလို့ စာတင်ခဲ့တယ်။ လူကိုယ်တိုင်ပြောနိုင်ရင်တော့ ပိုပြီး ထိထိရောက်ရောက်ဖြေရှင်းနိုင်မယ်။ တစ်ပတ်အတွင်းတွေ့ဖို့ ခွင့်တောင်းထားတယ်။ သူတို့ဘက်က အတွေ့မခံရင်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းမယ်။ အရှင်းဆုံးပြောမယ်ဆိုရင် ဆန္ဒပြမယ်။'' ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောသည်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့်ပတ်သက်ပြီး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၃၅၄၊ ခြိမ်းခြောက်ပြောဆိုပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်မည့် ရာဇသတ်ကြီးပုဒ်မ ၅၀၉ တို့ဖြင့်  တရားစွဲနိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly