ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းသွေဖီအောင် လုပ်ဆောင်မှုများကို ကျော်လွှားရန် NRPC ဒုဥက္က႒ ပြော

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းသွေဖီအောင် လုပ်ဆောင်မှုများကို ကျော်လွှားရန် NRPC ဒုဥက္က႒ ပြော
  (ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်း သွေဖီအောင်၊ ပျက်ပြယ်အောင် လုပ်ဆောင်နေသူများ ရှိသော်လည်း ထိုအကြပ်အတည်းကို ကျော်လွှားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဒုဥက္က႒ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ အချင်းချင်း ပိုပြီးတော့ ယုံကြည်မှုတွေ ခိုင်မာလာအောင် တည်ဆောက်နိုင်ပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒါတွေကို ကျော်လွှားပြီးတော့ အောင်မြင်နိုင်မယ်ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်” ဟု ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ဇူလိုင် ၁၁ရက်က NRPC နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

RCSS ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဘောင်ခေးကလည်း “နိုင်ငံရေး သဘောတူညီချက် မရခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ ကြားကာလမှာ သက်ဆိုင်တဲ့ အဖွဲ့အစည်းနဲ့ ဒေသခံ ပြည်သူလူထုအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်လို့ ဒီအစည်းအဝေးမှာ ဒီကိစ္စတွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် ၂၁ရာစုပင်လုံ တတိယအစည်းအဝေးပြီးနောက် NRPC နှင့် RCSS တို့အကြား (၈)ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သည်။

နေရာတစ်ချို့တွင် တိုက်ပွဲများ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန် အဖြေရှာကြရန် လိုသည်ဟု ဆွေးနွေးပွဲအဖွင့်တွင် ဗိုလ်ချုပ်ဘောင်ခေးက ပြောဆိုခဲ့သည်။

အခြားတစ်ဖက်တွင်လည်း အစိုးရ၏ သက်တမ်းရှိသည့်အတွက် ၂၀၂၀ မတိုင်မီနှင့် ၂၀၂ဝအလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ဖက်ဒရယ်တည်ဆောက်ရေးအတွက် တိကျသော အချိန်ဇယား ချမှတ်ဆောင်ရွက်မှသာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ၎င်းက ပြောသည်။

ယခု တွေ့ဆုံဆွေးနွေးပွဲတွင် ၂၁ရာစု ပင်လုံညီလာခံ ဆက်လက် ကျင်းပနိုင်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ ပြန်လည်ထူထောင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဒေသဖွံ့ဖြိုးရေး စသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required