ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှုတွေ ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း မန်ယူနည်းပြ ငြင်းဆို

ပေါ့ဂ်ဘာအတွက် ကမ်းလှမ်းမှုတွေ ရရှိထားတယ်ဆိုတာ မဟုတ်ကြောင်း မန်ယူနည်းပြ ငြင်းဆို
Photos: EPA & Man Utd

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ဆိုးလ်ရှားက ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအတွက် အသင်းအနေနဲ့ ဘယ်ကမ်းလှမ်းမှုတွေမှ လက်ခံရရှိထားခြင်း မရှိသေးဘူးလို့ ဗုဒ္ဓဟူးနေ့က ပြောဆိုသွားပါတယ်။

သြစတြေးလျမှာ ပတ်ဂလိုရီအသင်းနဲ့ ကစားမယ့် ယူနိုက်တက်ရဲ့ ခြေစမ်းပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပေါ့ဂ်ဘာရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဆိုးလ်ရှားကို မေးမြန်းရာမှာ "အခုချိန်ထိ ကျနော် သတိထားမိတာက အသင်းကစားသမားတွေအတွက် ဘယ်ကမ်းလှမ်းမှုမှ မရှိသေးပါဘူး။"လို့ ထောက်ပြခဲ့ပါတယ်။

"သူ (ပေါ့ဂ်ဘာ)က လူကောင်းတစ်ယောက်ပါ။ သူက ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက်ပါ။ သူဟာ ဘယ်တော့မှ ဘာပြဿနာမှ မထားပါဘူး။ သူဟာ လူတွေပေါ် အလွန်ကျင်နာတတ်ပြီး ကောင်းမွန်တဲ့ စရိုက်ရှိတဲ့သူဖြစ်တယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အသက် (၄၆)နှစ်ရှိ ဆိုးလ်ရှားက စာချုပ်နောက်ဆုံးနှစ်ကို ရောက်ရှိနေတဲ့ ဂိုးသမား ဒီဂီယာဟာ လာမယ့်အပတ်တွေမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်မှုအပြည့်ရှိကြောင်း ရှင်းပြခဲ့ပါတယ်။

"ဒေးဗစ်ဟာ သူ့ရဲ့ စာချုပ်အတွက် ညှိနှိုင်းနေပြီး ဒီအကြောင်းကို သူ စဉ်းစားနေပါတယ်။ ကျနော်တို့ မကြာခင် ဒါကို လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။"လို့ အလေးပေးပြောဆိုခဲ့ပါတယ်။

"ဂိုးနေရာမှာ သူ့ကို ကျနော်တို့ ရရှိထားလို့ ကျနော်တို့ ဘယ်လောက် ပျော်ရွှင်ရပြီး ကျနော် ဘယ်လောက် ကံကောင်းသလဲဆိုတာကို ကြိမ်ဖန်များစွာ ပြောခဲ့ပါတယ်။ ဆိုတော့ သူဟာ အသင်းမှာ နှစ်ပေါင်းများစွာ ရှိနေမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"လို့ ဆိုးလ်ရှားက ၂၀၁၁ ခုနှစ်က အက်သလက်တီကိုမှ မန်ယူအသင်းသို့ ပူးပေါင်းခဲ့တဲ့ ဒီဂီယာကို ရည်ညွှန်းပြီး ထည့်သွင်းပြောဆိုခဲ့တာပါ။

ဆိုးလ်ရှားက ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့ ဒဏ်ရာဟာ အရမ်းကြီး ဆိုးရွားလား မသိပေမယ့် မကြာခင် သူ့ရဲ့ ပုံစံကို ပြန်လည်ရရှိလိမ့်မယ်လို့လည်း မျှော်လင့်တယ်လို့ ပြောသွားပါတယ်။

ယူနိုက်တက်ဟာ သြစတြေးလျမှာ ဇူလိုင် ၁၃ ရက်မှာ ပတ်ဂလိုရီ၊ ဇူလိုင် ၁၇ ရက်မှာ လိဒ်ယူနိုက်တက်တို့နဲ့ ကစားမှာဖြစ်ပြီး ဇူလိုင် ၂၀ မှာ အင်တာမီလန်နဲ့ စင်္ကာပူမှာ၊ ဇူလိုင် ၂၅ ရက်မှာ စပါးအသင်းနဲ့ တရုတ်မှာ၊ သြဂုတ် ၃ ရက်မှာ အေစီမီလန်နဲ့ ဝေးလ်မှာ ကစားမယ့် ပွဲစဉ်တွေရှိပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly