တရုတ်တက်ကြွလှုပ်ရှားသူ၏သား မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံရဟုဆို

တရုတ်တက်ကြွလှုပ်ရှားသူ၏သား မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံရဟုဆို

ပေကျင်း၊ အောက်တိုဘာ ၁၀ ။          ။ တရုတ်တွင်ဖမ်းဆီးခံထားရသော ထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေ၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူသည် မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသည်ဟု မိသားစုမိတ်ဆွေတစ်ဦးက ပြောသည်။

ယင်းသို့ထိန်းသိမ်းနိုင်ရန် တရုတ်ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းကစွပ်စွဲပြောဆိုသည်။

အသက် ၁၆နှစ်အရွယ်ရှိ ပေါင်းကျို့ရွှန်သည် တရုတ်နိုင်ငံမှ ထွက်ပြေးရန် ကြိုစားနေစဉ် အောက်တိုဘာ ၆ ရက် အင်္ဂါနေ့က မြန်မာနှင့် နယ်စပ်အနီးမြို့တစ်မြို့ရှိ တည်းခိုခန်းတစ်ခု၌ ရဲများဖြစ်ဟန်တူသော အမျိုးသားများက ခေါ်ဆောင်သွားခဲ့ သည်ဟု မိသားစုမိတ်ဆွေ ကျိုးဖုန်စို့က အေအက်ဖ်ပီသို့ အောက်တိုဘာ ၁၀ က ပြောကြားခဲ့သည်။

"တရုတ်အစိုးရက သူ့ကို ဓါးစားခံတစ်ဦးအဖြစ် အသုံးချနေပါတယ်။" ဟု ကျိုးကဆိုသည်။

"တရုတ်လုံခြုံရေးအေးဂျင့်များတွေက ကိုယ့်နိုင်ငံသားကိုကိုယ် ပြန်ပေးဆွဲနေတာပါ။ သူ့မိဘတွေကို အကျပ်ကိုင်ဖို့ သူ့ကို အသုံးချဖို့ပါဘဲ။ ဒါဟာ သိပ်ကိုရှက်စရာကောင်းပါတယ်။" ဟု ကျိုးက ထပ်မံပြောသည်။

ပေါင်းသည် ထွက်ပြေးရန် မကြိုးပမ်းမီက မိသားစုနှင့်အတူ နေထိုင်ခဲ့သည့် တရုတ်နိုင်ငံမြောက်ဖက် Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ရဲတပ်ဖွဲ့ကမူ ၎င်းအားထိန်းသိမ်းထားသည်ဆိုသည့် သတင်းမကြားရသေးဟုပြောသည်။

အဖျက်အမှောင့်လုပ်သည်ဟု အစိုးရက ယူဆသော အမှုများကို လက်ခံသည့် ရှေ့နေများကို ဇူလိုင်လ နှိမ်နင်းမှုတစ်ခုတွင် မိဘနှစ်ပါးကို ထိန်းသိမ်းလိုက်ပြီးနောက် ပေါင်း၏ ပတ်စ်ပို့ကို တရုတ်အရာရှိများက သိမ်းဆည်းလိုက်သည်။

ပေကျင်းသည် အစိုးရနှင့် သဘောထားကွဲလွဲသူများကို သည်းမခံသည့်ပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လူနည်းစုလူမျိုးများကိုလည်း ပတ်စ်ပို့ထုတ်ပေးရန် ငြင်းဆန်လေ့ရှိသည်။

ပေါင်းအား ဖမ်းဆီးခေါ်ဆောင်ထားသော နေရာမှာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ Mong La မြို့ဖြစ်ပြီး ယင်းနယ်မြေရှိ သူပုန်အုပ်စုများသည်မြန်မာအစိုးရနှင့် ပဋိပက္ခဖြစ်နေသည်မှာ နှစ်များစွာကြာပြီဖြစ်သည်။

ပေါင်းအားကူညီနေသူ အမျိုးသားနှစ်ဦးမှာ တန်ကျိစွမ်းနှင့် ရှင်းချင်းရှဲန်တို့ဖြစ်ပြီး ၎င်းတို့လည်း ယင်းမြို့တွင် ထိန်းသိမ်းခံ ထားရသည်ဟု တည်းခိုခန်းပိုင်ရှင်၏ ပြောကြားချက်ကို ကိုးကား၍ ကျိုးကပြောသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံရှိ ယင်းအမျိုးသားနှစ်ဦးအိမ်လည်း အရှာခံရပြီး တရုတ်ရဲသည်  မြန်မာရဲနှင့် ချိတ်ဆက်လှုပ်ရှားနေသည်ဟု ကျိုးကပြောသည်။

ကျိုးသည် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် နေထိုင်သူဖြစ်ပြီး ပေါင်းအား အမေရိကန်သို့ ခေါ်ပြီး ခိုလှုံခွင့်ရရေး မဆောင်ရွက်မီ ထိုင်းတွင် ပေါင်းနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ကျိုးကဆိုသည်။

ပွင့်ပွင့်လင်းလင်းပြောတတ်သည့် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ ပေါင်း၏ မိခင် ဝန်ယုသည် ဇူလိုင်လက ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော်အာဏာကို ဖီဆန်သူဟု စွပ်စွဲခံခဲ့ရသည်။ ဖခင်ဖြစ်သူ ပေါင်းလုံကျွန်လည်း ရာဇဝတ်ဂိုဏ်း သားဟု နိုင်ငံပိုင်မီဒီယာက တံဆိပ်ကပ်ခဲ့သော အခြားတက်ကြွလှုပ်ရှားသူများနှင့်အတူ ထိန်းသိမ်းခံထားရသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required