ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာထိခိုက်သည်ဟုဆိုကာ သက္ကမိုးညို အကောင့်ပိုင်ရှင်ကို အမှုဖွင့်

ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာထိခိုက်သည်ဟုဆိုကာ သက္ကမိုးညို အကောင့်ပိုင်ရှင်ကို အမှုဖွင့်

နေပြည်တော်က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်တွင် အစဉ်တစိုက်ရေးသားနေသော သက္ကမိုးညိုအကောင့်ပိုင်ရှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင်က တရားလိုလုပ်ပြီး တိုင်းတန်းခဲ့သည်။

အဆိုပါကိစ္စအတွက် ရဲတပ်ဖွဲ့ကစစ်ဆေးမှုများ ပြုလုပ်ပြီး ကျပ်သိန်း ၁၀၀ ဖြင့် သက္ကမိုးညိုကိုအာမခံပေးခဲ့သည်။

“ဗစ်တိုးရီးယား အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး အကောင့်ကနေ စာတင်တာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလောက်တဲ့ အသုံးအနှုန်းလေးတွေ ပါတဲ့အတွက် သူ့ကိုကျွန်တော်တို့က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)နဲ့ အရေးယူဆောင်ရွက်ထားတာပဲ ဖြစ်ပါတယ်။ စစ်ဆေးပြီးလို့ တရားစွဲဆိုခွင်ကို အဆင့်ဆင့်ဆက်တင်ရမှာ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် ကျပြီဆိုမှ ကျွန်တို့က တရားစွဲရမှာ ဖြစ်ပါတယ်” ပျဉ်းမနားမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး အောင်နိုင်ဦး ကမီဒီယာများကို ပြောသည်။

ပြန်လွတ်လာသည့်  သက္ကမိုးညိုက သူရေးသားခဲ့သည့်  အချက်အလက်များသည် အထောက်အထား ရှိကြောင်းနှင့် အမှုကို ဆက်လက်ရင်ဆိုင်သွားမည်ဟု မီဒီယာများကို ပြောကြားခဲ့သည်။

“ ကျွန်တော်ကြောက်ပြီး ထွက်ပြေးရမှာလား မလုပ်ပါဘူး။ ကျွန်တော်ဆက်သွားမှာပါ။ ဆက်သွားမယ်ဆိုတာ ကျွန်တော်ရေးခဲ့တာတွေသည် သက်သေအထောက်အထား ပြနိုင်တာတွေကို ရေးခဲ့တာမို့ ရှေ့လည်းဒီလိုပဲ ဆက်သွားမှာပါ” ဟု သက္ကမိုးညိုအကောင့်ပိုင်ရှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းက မီဒီယာများကို ပြောသည်။

သက္ကမိုးညိုကို အမှုဖွင့်ထားသည့်  ပုဒ်မသည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်  ငွေဒဏ် ကျပ်သိန်း ၅ဝမှ ကျပ် သိန်း ၁ဝဝအထိ ချမှတ်နိုင်ပြီး ဒဏ်ငွေ မဆောင်နိုင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ သုံးနှစ်အထိချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required