ရန်ကုန်တွင် စက်ဘီးအားကစားဝတ်စုံဖြင့်သာ စက်ဘီးစီးနင်းခွင့်ပြုထားဟု ဆို

ရန်ကုန်တွင် စက်ဘီးအားကစားဝတ်စုံဖြင့်သာ စက်ဘီးစီးနင်းခွင့်ပြုထားဟု ဆို
ရန်ကုန်မြို့တွင်း ကွင်းပတ်တာတိုစက်ဘီးစီးပြိုင်ပွဲကို မတ်လ ၁၆ ရက်နေ့က တွေ့မြင်ရစဉ်။ ဓာတ်ပုံ - EPA

ရန်ကုန်၊ ဇူလိုင်လ ၁၀ ။         ။ ရန်ကုန်မြို့တွင် စက်ဘီးစီးနင်းပါက စက်ဘီးအားကစားဝတ်စုံဖြင့်သာ စီးနင်းခွင့် ပြုထားကြောင်း မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်မင်းသန့်က ပြောသည်။

မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် အနေဖြင့် ကျန်းမာရေးအတွက် စက်ဘီးစီးနင်းသည့် ၀ါသနာရှင်များကို ရန်ကုန်မြို့အတွင်း အားကစားဝတ်စုံအပြည့်ဖြင့် စက်ဘီးစီးနင်းခွင့်ပြုရန် တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြခဲ့ရာ ဇူလိုင်လ ပထမ အပတ်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

“စက်ဘီးကတော့ အကုန်လုံးစီးရင်ပိုကောင်းတာပေါ့။ အကုန်လုံး စီးစေချင်တယ်။ တစ်ချို့နေရာ တွေ ကျတော့ ဖမ်းတာတွေရှိတယ်။ အဓိကက စက်ဘီးစီးတဲ့လူတွေ ၊ စက်ဘီးစီးတဲ့ အဖွဲ့တွေ အဆင်ပြေ အောင်လို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ကူညီပေးတာပါ။”ဟု  ဟုမြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးကျော်မင်းသန့်ကပြောသည်။

မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်အနေဖြင့် စက်ဘီးအားကစားတိုးတက်ရေး နှင့် လူထုကျန်းမာရေးအတွက် စက်ဘီးစီးပွဲများကို မြို့ကြီးများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်မြို့တွင်လည်း လစဉ်လူထုစုပေါင်း စက်ဘီးစီးပွဲများကို ပြုလုပ်နေကြောင်း သိရသည်။

“စည်းကမ်းတကျလေး စီးဖို့တော့ လိုပါတယ်။လမ်းပြောင်းပြန်စီးတာတို့ အနှေးယာဉ်က အနှေးယာဉ် လိုင်းကပဲ စီးရပါမယ်။အင်္ဂါမစုံတာတို့ ဦးထုပ်တို့ပါ မှောက်ရင် အန္တရာယ်ဖြစ်မှဆိုးတယ်လေ။ ပြောရမယ် ဆိုရင် ကျွန်တော်တို့က စက်ဘီးဆို ဘာစက်ဘီး ဖြစ်ဖြစ် စီးခွင့်ပေးရင်တော့ ပိုပြီးတော့ သဘောကျ ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နေရာတိုင်း စက်ဘီးစီးခွင့်ရရင် ပိုသဘောကြတယ်”ဟု ဦးကျော်မင်းသန့်က ဆက်ပြောသည်။
ရန်ကုန်မြို့ရှိအချို့နေရာများတွင် စက်ဘီးမစီးရ ဧရိယာသတ်မှတ်ထားသောကြောင့် စက်ဘီး ၀ါသနာ ရှင်များအနေဖြင့် စက်ဘီးစီးနင်းရန် အခက်အခဲများ ဖြစ်နေကြောင်း၊ စက်ဘီးစီးနင်းရာတွင် စက်ဘီး အားကစားဝတ်စုံ(အပြည့်)ဖြင့် စက်ဘီးစီးနင်းခွင့်ပြုရန် တိုင်းအစိုးရထံသို့ စာတင်၍ တောင်းဆိုခဲ့ရာ ဇွန်လ နောက်ဆုံးအပတ်တွင် စက်ဘီးစီးနင်းခွင့်ပြုကြောင်း နှင့် စက်ဘီးတွင် ပိုဘေးတွဲသော ယာဉ် (ဆိုက်ကား) ကို ခွင့်မပြုကြောင်း တိုင်းအစိုးရက အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ၆ မြို့နယ် ကို အနှေးယာဉ် ဆိုက်ကားများ စီးနင်းခွင့် မပြုထား ကြောင်း နှင့် ရန်ကုန်မြို့ရှိ မြို့နယ် အချို့ကို ဆိုင်ကယ် စီးနင်းခွင့် မပြုထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly