လာမည့် ဘတ်ဂျက်တွင် မန္တလေးတိုင်းအတွင်း ကျေးလက်ကုန်ထုတ်လမ်း ၃၃လမ်း ဖောက်လုပ်မည်

လာမည့် ဘတ်ဂျက်တွင် မန္တလေးတိုင်းအတွင်း ကျေးလက်ကုန်ထုတ်လမ်း ၃၃လမ်း ဖောက်လုပ်မည်
  (ဓာတ်ပုံ-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)

မန္တလေး(ဇူလိုင် ၁ဝရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးတိုင်းအတွင်း လာမည့် ၂၀၁၉- ၂၀၂၀ ဘတ်ဂျက်တွင် ငွေကျပ်သန်းပေါင်း ၂၂ဝဝကျော် သုံးစွဲ၍ ကျေးလက်ကုန်ထုတ်လမ်း ၃၃လမ်း ဖောက်လုပ်ပေးသွားမည်ဟု မန္တလေးတိုင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောကြားသည်။

“အခုလို ဖောက်ပေးနေတာက ဒေသခံတောင်သူတွေက တောင်းဆိုလို့ပါ။ အရင်က ကုန်ထုတ်လမ်းတွေ မရှိတော့ စိုက်ပျိုးသီးနှံတွေဟာ မိုးဒဏ်၊ လေဒဏ်ကြောင့် လေလွင့်၊ ပျက်စီးမှုတွေ ရှိပါတယ်။ ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနိုင်တဲ့အတွက် ကွင်းထဲက ကုန်တွေကို ရွာကို ထုတ်နိုင်မယ်။ ရွာကမှ မြို့ပေါ်၊ အဲ့ကမှတစ်ဆင့် ဈေးကွက်အထိ အချိန်မီ ရောက်အောင် ရည်ရွယ်လုပ်ပေးနေတာ” ဟု ဦးစိုးသန်းက ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့ရှိ ကျေးရွာများကို ကုန်ထုတ်လမ်းများ ဖောက်လုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ဖောက်လုပ်တဲ့အခါ မြေသားလမ်းဆိုရင် နှစ်ပေထု မြေသားလမ်း တင်ပေးတယ်။ မလိုရင် နောက်ဆုံးအဆင့်ထိ ဂျင်း(ကျောက်) ၉လက်မအထိ တင်ပေးပါတယ်” ဟု ဦးစိုးသန်းက ဆိုသည်။

ယခင်က သီးသန့် ကုန်ထုတ်လမ်းများ မရှိခဲ့ခြင်းကြောင့် သီးနှံများ ပျက်စီး၊ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သလို ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်ခြင်း မရှိခဲ့သောကြောင့် ဆုံးရှုံးမှုများ ရှိခဲ့သည်ဟု တောင်သူများက ပြောသည်။

“အခု ကုန်ထုတ်လမ်းတွေ ဖောက်ပေးတော့ အဆင်ပြေတာပေါ့။ ကိုယ့်လယ်ကိုယ်ရိတ်ပြီး တန်းသယ်၊ ကြိုက်ဈေးရ ရောင်းရုံပဲ။ အခုဟာကတော့ ရိတ်တာ၊ ချွေတာ စက်တွေနဲ့ဆိုတော့ မြန်တယ်။ ကုန်ထုတ်လမ်းတွေက ရွာတိုင်းရှိရင် ပိုတောင်ကောင်းတယ်” ဟု ပုသိမ်ကြီးမြို့နယ်၊ ကျွဲရေကုန်းကျေးရွာမှ တောင်သူ ဦးအောင်ဝင်းက ဆိုသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required