တရုတ်နိုင်ငံသားများက မြန်မာအမျိုးသမီးများကို ငွေပေးပြီး တရားမဝင် တောင်းယူမှုများ တွင်ကျယ်လာ

တရုတ်နိုင်ငံသားများက မြန်မာအမျိုးသမီးများကို ငွေပေးပြီး တရားမဝင် တောင်းယူမှုများ တွင်ကျယ်လာ
(ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၁ဝရက်၊ ၂၀၁၉ခုနှစ်)။ ။ တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ ငွေကြေးအမြောက်အမြားပေးပြီး မြန်မာအမျိုးသမီးများကို တောင်းယူမှုများ ရှိနေကြောင်း ပြည်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

“တရားမဝင် ပတ်စ်ပို့စ်တွေ ကိုင်လာတယ်။ မြို့တွေမှာ ရင်းနှီးမှုရအောင် ယူတယ်။ ငွေကြေး အမြောက်အမြား ပေးပြီး တင်တောင်းသွားတယ်” ဟု ဦးဝင်းနိုင်ထွန်းက ပြောသည်။

နေပြည်တော်ရှိ Grand Amara Hotel တွင် ဇူလိုင်လ ၁ဝရက်က ကျင်းပပြုလုပ်သည့် ဝန်ဆောင်မှုပေးသူများအတွက် လူကုန်ကူးမှုနှင့် သက်ဆိုင်သော ဖြစ်ရပ်များ စီမံဆောင်ရွက််ခြင်းနှင့် တရားစွဲဆိုရေး လုပ်ငန်းစဉ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း အဖွင့်မိန့်ခွန်းတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မနေ့တစ်နေ့ကပဲ INGO အဖွဲ့တွေရဲ့ စစ်တမ်းအရ သိန္နီမြို့ဘက်မှာတောင် သိန်းသုံးလေးဆယ်နဲ့ မိဘတွေဆီ တင်တောင်းပြီးတော့ တရုတ်နိုင်ငံကနေလိုက်ပြီး Recruit(အဖွဲ့ဝင်သစ်) လုပ်နေတယ်ဆိုတဲ့ အနေအထားတွေ သိနေရပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖြစ်စဉ်များသည် ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းရမည့် ကိစ္စတစ်ခု ဖြစ်လာပြီး လူကုန်ကူးမှုပုံစံများသည်လည်း ခေတ်နှင့်လျော်ညီစွာ အမြဲပြောင်းလဲနေတတ်ကြောင်းလည်း ဦးဝင်းနိုင်ထွန်းက ဆက်လက် ပြောကြားသည်။

ထိုသို့ ငွေပေးပြီး တောင်းယူခြင်းသည် တရားမဝင်ကြောင်းနှင့် တရုတ်နိုင်ငံအတွင်းသို့ ရောက်ရှိသွားပါက မြန်မာအမျိုးသမီးငယ်များသည် တရားမဝင် နေထိုင်ရသဖြင့် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးကြောင်း World Vision အဖွဲ့မှ တာဝန်ရှိသူ မခင်မျိုးတင့်က မှတ်ချက်ပြုသည်။

“အခုနောက်ပိုင်းဆိုရင် ရှမ်းဘက်က နယ်မြေတွေမှာဆိုရင် ဒါက ရိုးရာလို ဖြစ်နေတယ်။ တရုတ်နယ်မြေနဲ့လည်း နီးစပ်နေတဲ့အတွက်ကြောင့်မို့လို့ ဒါကတော့ သူတို့က ဒါ အိမ်ထောင် လာစပ်တယ်ပေါ့နော်။ သတို့သမီး လာစပ်တယ်ဆိုတဲ့ဟာမျိုးနဲ့ပဲ ရှိတယ်။ ရှိတဲ့ အခါကျတော့ အကုန်လုံးက မိဘတွေကလည်း ဗဟုသုတက မရှိတဲ့အခါကျတော့ ဒါက လုပ်လို့ မရဘူး” ဟု ၎င်းက ဆိုသည်။

လူကုန်ကူးမှု ဖြစ်ပွားသည့် နှစ်ချုပ်စာရင်းများအရ တရုတ်နိုင်ငံတွင် မြန်မာအမျိုးသမီးငယ်လေးများကို အဓမ္မထိမ်းမြားသည့် အမှုများ မြင့်တက်လာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly