ရန်ကုန်ပြီးရင် ကချင်ပြည်နယ်ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်

By မိုင်းရူကော၊ ရွှေဖီမြေ
10 July 2019
ရန်ကုန်ပြီးရင် ကချင်ပြည်နယ်ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်

 လားရှိုး။            ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ရန်ကုန်တိုင်းပြီးရင် ကချင်ပြည်နယ်ကို အများဆုံးဝင်ရောက်နေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာနရဲ့စာရင်းအရ သိရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၁၉၈၈-၈၉ ကနေ ၂ဝ၁၈-၁၉ ဧပြီလအထိ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာ ရန်ကုန်တိုင်းရဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံနဲ့ ကချင်ပြည်နယ်က အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နေတာဘဲ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော်အကြား တစ်ကျော့ပြန် ပြင်းထန်တဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် တိုင်းရင်းသားပြည်နယ်တွေမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှု လျော့နည်းလာရတဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

သျှမ်းလူငယ်အဖွဲ့အစည်းရဲ့ ရှမ်း/မြောက်တာဝန်ခံ စိုင်းဟန်က “လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်နေတာပေ့ါ။ တိုက်ပွဲအရှိန်မလျှော့နိုင်သရွှေ့ ဘာအလုပ်သွားလုပ်လို့ အောင်မြင်နိုင်မလဲပေါ့။ ရင်းနှီးမြှုပ်နှံမှုဆိုတာက အချိန်တိုတိုနဲ့ ပြီးတဲ့ကိစ္စမဟုတ်တော့ တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက အကောင်ထည် မဖော်နိုင်ဘူးလို့ဘဲ ကျနော်တို့မြင်တယ်” ဆိုပြီး သူက ထောက်ပြပြောဆိုပါတယ်။

သို့သော်လည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာတာ နည်းသွားရခြင်းရဲ့ အဓိကအကြောင်းရင်းက ပဋိပက္ခကြောင့် မဟုတ်ဘဲ တိုင်းရင်းသားပြည်နယ်တွေမှာ ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်လို့ရတယ်ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေ မသိသေးတာကြောင့်သာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဇွန်လ ၁၈ ရက် နေပြည်တော်မှာ သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

“ပဋိပက္ခကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ မဝင်တာတော့ မဟုတ်ဘူး။ အရင် မငြိမ်သက်စဉ်ကာလကတည်းက ရှမ်းပြည်နယ်မှာ ဝင်တော့ဝင်နေတယ်။ ပဋိပက္ခကလဲ ခေါင်းစဉ်တစ်ခုအနေနဲ့ ပါတာပေါ့။ သို့သော်လည်း ဒါက အဓိကမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဘဏ်က စစ်တမ်းလုပ်တဲ့ထဲမှာ ပဋိပက္ခကြောင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကျသွားတယ်ဆိုတာ သိပ်မတွေ့ရဘူး။ ရှမ်းပြည်နယ်မှာ အဓိကဖြစ်နေတာကတော့ ရှိနေတဲ့ အလားအလာတွေကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက မသိသေးတာ” လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ လျှပ်စစ်၊ စက်မှု၊ သတ္တု၊ ဟိုတယ်၊ လယ်ယာနဲ့အခြားလုပ်ငန်းအပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဟာ သန်း ၉ဝဝ ကျော်သာရှိပြီး တိုင်းရင်းသားပြည်နယ်တွေထဲမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု တတိယအများဆုံး ဝင်ရောက်နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

ဒုတိယအများဆုံးဝင်ရောက်တဲ့ ပြည်နယ်ကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး ရေနံ၊ သတ္တုနဲ့ အခြားလုပ်ငန်းအပါအဝင် အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နေတာဘဲ ဖြစ်ပါတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဟာ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မယ့်နေရာဒေသတွေမှာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ မူဝါဒတည်ငြိမ်တာကို အဓိက လိုလားတယ်လို့လဲ ဦးအောင်နိုင်ဦးက ဆိုပါတယ်။

“နိုင်ငံရေးတည်ငြိမ်မှု မရှိဘူးဆိုရင် သူတို့(ရင်းနှီးမြှုပ်နှံမှု)က ဒါကို မယူချင်ဘူးပေ့ါ။ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ဆိုရင် လုံခြုံရေးကဏ္ဍနဲ့ နိုင်ငံရေးတည်ငြိမ်ဖို့က အရေးကြီးတယ်။ အခုနောက်ပိုင်း ကချင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု ဝင်တာ နည်းသွားတယ်။ ဝင်ချင်တဲ့သူကတော့ ရှိနေတယ် မဝင်ရဲဘူး။ ဒါပေမဲ့ စောင့်ကြည့်နေကြတာပေ့ါ။ ရင်းနှီးမြှပ်နှံမှုဆိုတာက ကုန်ရောင်းကုန်ဝယ်နဲ့ မတူဘူးလေ။ သူက နှစ်ရှည်လုပ်ရတာ ငွေသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံရတာ” လို့ သူက ပြောပါတယ်။

မွန်ပြည်နယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက သန်း ၆ဝဝ ကျော်၊ ကရင်ပြည်နယ်မှာ သန်း ၂၅ဝ ကျော်၊ ကယားပြည်နယ်မှာ ၅ သန်းကျော်နဲ့ ချင်းပြည်နယ်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တာ မရှိသေးကြောင်း  ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly