အစ္စရေးတိုက်လေယာဉ်တွေက အီရန်အထိ လာနိုင်တယ်လို့ နေတန်ယာဟု သတိပေး

အစ္စရေးတိုက်လေယာဉ်တွေက အီရန်အထိ လာနိုင်တယ်လို့ နေတန်ယာဟု သတိပေး

ဂျေရုဆလင်၊ ဇူလိုင် ၁၀ ။        ။ အစ္စရေးရဲ့ တိုက်လေယာဉ်တွေဟာ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းက ဘယ်နေရာကိုမဆို လာနိုင်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းနိုင်ငံရဲ့ ရန်သူတော် အီရန်ကို တိုက်ရိုက်ပြောဆို သတိပေးလိုက်ပါတယ်။

အမေရိကန် Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ F-35 တိုက်လေယာဉ်တွေကို လေတပ်အခြေစိုက်စခန်းတစ်ခုမှာ နေတန်ယာဟု လာရောက်ကြည့်ရှုပြီး ပြောဆိုခဲ့တာကို ဗီဒီယို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“သိပ်မကြာသေးခင််က အီရန်ဟာ အစ္စရေးကို ဖျက်ဆီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ဖက်က ကောင်းကောင်း သိထားရမှာက အစ္စရေးရဲ့ တိုက်လေယာဉ်တွေဟာ အီရန်နဲ့ ဆီးရီးယားအပါအဝင် အရှေ့အလယ်ပိုင်းက ဘယ်နေရာမဆို လာရောက်နိုင်တယ်ဆိုတာပဲ။”လို့ နေတန်ယာဟုက ပြောပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟုအနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရန်အပေါ် ဆန့်ကျင်ပြီး ပြောဆိုလာနေခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယားသဘောတူညီချက် ကတိကဝတ်တွေကို အီရန်နိုင်ငံ မလိုက်နာတော့ကြောင်း ကြေညာခဲ့တာနဲ့ ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားအပြီး နောက်ပိုင်း ခုလို ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။

နျူကလီးယားစာချုပ်ပါ ယူရေနီယံ ထုတ်လုပ်တဲ့ ပမာဏထက် တိုးထုတ်မယ်ဆိုတဲ့ အီရန်ရဲ့ ကြေညာချက်ဟာ အန္တရာယ်များတဲ့ ခြေလှမ်းပဲလို့ နေတန်ယာဟုက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required