တစ်လအတွင်း တရားရုံးသို့ ဦးဝီရသူ လာဖြေရှင်းရန် ထုတ်ပြန်ချက်စာရွက်များ ဖြန့်ဝေမည်

တစ်လအတွင်း တရားရုံးသို့ ဦးဝီရသူ လာဖြေရှင်းရန် ထုတ်ပြန်ချက်စာရွက်များ ဖြန့်ဝေမည်
Buddhist monk Wirathu (front 2nd L) delivers a speech during a rally to show support to the Myanmar military in Yangon on May 5, 2019. Sai Aung MAIN / AFP

ရန်ကုန်၊ ဇူလိုင် ၉ ။        ။ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် အမျိုးသားရေးဆရာတော် ဦးဝီရသူအား တစ်လအတွင်း လာရောက်အဖမ်းခံဖြေရှင်းရန် ရေးသားထားသော ထုတ်ပြန်ချက်စာရွက်များကို ထင်ရှားသော နေရာများ၌ ကပ်၍ ဖြန့်ဝေသွားမည်ဟု  ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ဇူလိုင် ၉ ရက်က အမိန့်ချခဲ့သည်။

တရားလိုသက်သေ ၉ ယောက်လုံးကို စစ်ဆေးအပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၈၇၊ ၈၈ အရ  “ထွက်ပြေး တိမ်းရှောင်နေသူအတွက် ထုတ်ပြန်ကြေညာခြင်း” အမိန့်ကို တရားသူကြီးက ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး ပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

“ ထုတ်ပြန်ကြေညာခြင်းခံရတဲ့သူ နေထိုင်မြဲဖြစ်တဲ့မြို့၊ ကျေးရွာ အဲ့နေရာမှာ ထုတ်ပြန်ချက်ကို အများသိအောင် ရဲက ကြေညာပါ့မယ်။ ထင်ရှားတဲ့နေရာ၊ အဆောက်အအုံတွေမှာ ကပ်ထားတာတွေလည်း လုပ်ပါ့မယ်။ တရားရုံးမှာလည်း ကပ်ထားတာတွေလည်း လုပ်ပါ့မယ်” ဟု ၎င်းက ဆိုသည်။

ရုံးချိန်း ၇ ကြိမ်မြောက်ဖြစ်သည့် ဇူလိုင် ၉ ရက်နေ့တွင် ယင်းအမိန့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဦးဝီရသူအနေဖြင့် သြဂုတ် ၉ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ လာရောက်ရမည် ဖြစ်သည်။

မေ ၅ ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ဟောပြောချက်များသည် အုပ်ချုပ်ရေးအပါအဝင် မဏ္ဍိုင်ကြီး (၃) ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့်စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေ ၂၈ ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်ထိ ဦးဝီရသူက တရားရုံးသို့ လာရောက်ခြင်းလုံးဝ မရှိသေးဘဲ VK လူမှုကွန်ရက်မှ ဗီဒီယိုထုတ်လွှင့်ပြီး တိမ်းရှောင်နေခြင်းမဟုတ်ကြောင်း ပြောဆိုထားသည်။

 “ အချိန် ထပ်တိုးပေးမယ်ဆိုရင်လည်း တိုးပေးလို့ရတယ်။ တိုးမပေးဘဲ တရားခံပြေးအဖြစ် တောက်လျောက် ကြေညာမယ်ဆိုလည်း ကြေညာလို့ ရတယ်။ သက်ဆိုင်ရာတရားရုံးက ဆုံးဖြတ်ရမယ့်ကိစ္စပေါ့ ” ဟု ဥပဒေပညာရှင်ဖြစ်သည့် ဦးခင်မောင်မြင့်က သုံးသပ်သည်။

တရားရုံးမှ သတ်မှတ်ထားသည့် အချိန် တစ်လအတွင်း လာရောက်ဖြေရှင်းပါက မျက်ကွယ်တွင် စစ်ဆေး ထားသည့် တရားလိုသက်သေများကို ပြန်လည်စစ်ဆေးရန် တောင်းဆိုပိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း ယင်း ဥပဒေပညာရှင်က ဆိုသည်။

ထို့အပြင် တရားလိုဘက်မှ မျက်ကွယ်တွင်တင်သွင်းထားသည့် သက်သေခံပစ္စည်းများအား ကန့်ကွက်ခွင့်နှင့် တရားလိုပြသက်သေအားလုံးကို အပြန်အလှန်မေးခွန်းမေးမြန်းခွင့် ရရှိမည်ဟုလည်း ဦးခင်မောင်မြင့်က ဆက်လက်ပြောသည်။

တရားရုံးမှ လာရောက်ဖြေရှင်းရန် ကြေညာထားသည့်အချိန် ကျော်လွန်ပါက အဆိုပါ အခွင့်အရေးများ

မရရှိတော့ဘဲ တရားခံပြေးအဖြစ် သတ်မှတ်ခံရကာ စွပ်စွဲခံရသူဘက်မှ သက်သေများကိုသာ ဆက်လက် စစ်ဆေးသွားမည့်အနေအထားရှိသည်ဟုလည်း သိရသည်။

ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူအတွက် တိုင်းနှင့် ပြည်နယ်အချို့တွင် ရဟန်းနှင့် လူပုဂ္ဂိုလ်များက ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly